၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက”မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၂၃ 


ရခိုင်ပြည်နယ်   တောင်ကုတ်မြို့နယ်ရှိ    မြန်မာ့ သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး) ကလေး တစ်စီးအား ဇူလိုင် ၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစ တွင် အရပ်အမြင့်   နှစ်ပေ  ငါးလက်မ၊  ကိုယ်လုံး လုံးပတ် သုံးပေ တစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

 


ဆင်ဖြူတော်ကလေး၏   ဘွဲ့နာမည်တော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်ကလေးသည် ရတနာဆင်ဖြူတော်များ၏      ကြန်အင်လက္ခဏာ ရှစ်ချက်အနက်     မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ   ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ    သြဇာကွက်ဖြစ်ခြင်း၊   အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီ နှင့်   နောက်ခြေသည်း လေးခုစီပါရှိခြင်း၊   နားကြီးခြင်း စသည့်   ရတနာဆင်ဖြူတော်များ၏   ကြန်အင် လက္ခဏာ  ခုနစ်ချက်ကိုက်ညီသော  ဆင်ဖြူတော် ကလေးဖြစ်သည်။    

 


အဆိုပါ ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မှာ ယခုအသက်   ငါးလသားအရွယ်တွင် အရပ်အမြင့် သုံးပေ တစ်လက်မ၊ ကိုယ်လုံးလုံးပတ် လေးပေ ခုနစ် လက်မ၊ ကိုယ်အလေးချိန် ပေါင်  ၃၃၀  ရှိလာပြီး ရတနာဆင်ဖြူတော်   ထိန်းသိမ်းစောင့်ရှောက်ရေး ဥယျာဉ်၊  နေပြည်တော်ရှိ   ရတနာဆင်ဖြူတော် ဆောင်တွင်    မိခင်ဆင်မကြီးနှင့်အတူ   ကျန်းမာ ပျော်ရွှင်လျက်ရှိကြောင်းနှင့်   ဆင်ဖြူတော်ကလေး “ရဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါး သည့် ဆင်ဖြူတော်လေးဖြစ်ပြီး   ပိုမိုယဉ်ပါးလာစေရန်   ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ    ဆက်ဆံ တတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training”  ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။                                    

သတင်းစဉ်