
နေပြည်တော် ဒီဇင်ဘာ ၂၂
ယနေ့ကျရောက်သည့် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဖားစည် တီး၍ ကရင်အမျိုးသားအလံကို လွှင့်ထူပေးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံကို အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စုခန်းမ၌ ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ စောဒန်နီယယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစော ထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော် အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖားစည် ကိုးချက်တီး၍ ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင် နှင့် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစော ထွန်းအောင်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ဖားစည် ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
အလေးထားဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နှစ်သစ်ကူး နှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၂)ရက် မြန်မာသက္ကရာဇ် ၁၃၈၄ခု ပြာသို လဆန်း (၁)ရက်၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုး ထားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြ သည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသ အလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကားကွဲပြားခြားနားကြသော်လည်း အနှစ်သာရအားဖြင့် တစ်သွေးတစ်သားတည်းသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်ကြကြောင်း၊ ကရင် တိုင်းရင်းသားများ၏ ဖြစ်တည်မှု သမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှု သမိုင်းအမွေအနှစ်ကောင်းများ ပိုင်ဆိုင် ထားကြသည်ကို တွေ့ရကြောင်း၊ ကရင်တိုင်းရင်းသား များ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများရှိကြပြီး ကရင်ဒုံးယိမ်းအကသည် လည်း ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ် မှုကို ဖော်ညွှန်းလျက် မြူးကြွ၍ လူကြိုက်များသည့် ယဉ်ကျေးမှုအကဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံ တစ်ဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာ ကျင်းပကြသည်ကို သိရကြောင်း၊ မိမိတို့ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို နောင်လာ နောက် သားများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် အတွက် ကရင်ဘိုးဘွားမိဘများက မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ်တွင် ကရင် နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေတစ်ရပ်ကို ညီနောင်တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းပြီး ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပလာခဲ့ သည်မှာ ယနေ့တွင် နှစ်ပေါင်း (၈၅) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန် ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည် ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာ ပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနား ကဲ့သို့ ကျန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း မိမိတို့စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
နှုတ်ခွန်းဆက် စကားပြောကြား
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်က ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကရင် စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းသန်းဝင်းဦး က ကရင်အမျိုးသားနှစ်သစ်ကူး ဖြစ်ပေါ်လာပုံ အကြောင်း ရှင်းလင်းဖတ်ကြားသည်။
ထို့နောက် ကရင်တိုင်းရင်းသားရိုးရာ ဒုံးယိမ်း အက၊ ရိုးရာကြိုးကျစ်အကနှင့် ရိုးရာဝါးညှပ်အကတို့ ဖြင့် ကပြဖျော်ဖြေသည်။
နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်
ယင်းနောက် တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက ဧည့်သည်တော်များအား ကရင် နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်