
နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်ကျပ် သားရွှေဒင်္ဂါးနှင့် ငါးမူးသား ရွှေဒင်္ဂါးများအား အသစ်သွန်း လောင်း ထုတ်ဝေမည် ဖြစ်ပါ သည်။
ဆင်ဖြူတော်ပုံပါရှိ
အသစ် သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက် အလက်များမှာ အချင်း ၂၆ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၂ ဒသမ ၀ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ ယာဘက်တွင် “(၇၅) နှစ်မြောက်” ဟု ဖော်ပြပါရှိပါသည်။ ဆင်ဖြူ တော်၏ အောက်ခြေတွင် “၁ ကျပ် သား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” ဟု လည်း ကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင် တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဘက် တွင် “ 75th ” ၊ ပုံ၏အောက်ဘက် တွင် “16.329 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြား အနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Indepen-dence Day” ဟု လည်းကောင်း ဖော်ပြထားပါသည်။
အသစ် သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချက် အလက်များမှာ အချင်း ၂၂ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာ ပြင်အလယ်ဗဟိုတွင် ဆင်ဖြူ တော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “(၇၅) နှစ်မြောက်” ဟု ဖော်ပြ ပါရှိပါသည်။ ဆင်ဖြူတော်၏ အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” “(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” ဟု လည်း ကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာ ပြင်တွင်လည်း ဆင်ဖြူတော် ပုံပါရှိပြီး၊ အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “ 75th ” ၊ ပုံ၏ အောက်ဘက်တွင် “8.164 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြားအနား ပတ်လည် တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟု လည်းကောင်း ဖော်ပြထားပါ သည်။
တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့်ဌာန အကြီး အကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်း တည်းပါရှိမည် ဖြစ်ပါသည်။
တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးများကို မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက် နေ့မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်