
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလေးပြုစုရေးဌာန(နေပြည်တော်) အဆောက်အအုံဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှု
=========================================================
နေပြည်တော် ဇန်နဝါရီ ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် ၌ တည်ဆောက်ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အအုံ ဖွင့်လှစ်နိုင်ရေးနှင့် ပြုစု စောင့်ရှောက်ပေးရမည့် ကလေးငယ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်းလက်ခံ နိုင်ရေး ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုသည်။
လှည့်လည်ကြည့်ရှု
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ကလေးပြုစုရေးဌာန (နေပြည်တော်)သို့ ရောက်ရှိကြပြီး အဆောက်အအုံကို လှည့်လည်ကြည့်ရှုသည်။
ဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ နေ့ကလေးထိန်းနှင့် မူကြိုအရွယ်ကလေး များအတွက် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားခြင်း၊ အသက်အရွယ်အလိုက် ထားရှိရမည့်အခန်းများအား ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးငယ်များအတွက် နို့မှုန့်၊ အာဟာရမှုန့်နှင့် အခြားရိက္ခာများ အချိန်မီဖြည့်တင်း ထားခြင်း၊ အခြေခံကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါး များ ကြိုတင်ထားရှိခြင်းနှင့် ကလေးငယ်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်ဆောင်ရွက်ထားခြင်းလုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ကလေးပြုစုရေးဌာနများက ကလေးငယ်များအား နေပြည်တော်သို့ ခေါ်ဆောင်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာ ၍ စနစ်တကျဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းနှင့် ကလေး ငယ်များအတွက် Quarantine ထားရှိမည့်နေရာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းခြင်းလုပ်ငန်း များကို အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်သော ဖြည့်ဆည်းညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
တစ်ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်
ကလေးပြုစုရေးဌာန(နေပြည်တော်)ကို ရင်ခွင်မဲ့ ကလေးငယ်များအား ပြုစုစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေကျပ် တစ်ဘီလီယံကျော်ဖြင့် အကုန် အကျခံတည်ဆောက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အအုံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရင်ခွင်မဲ့ကလေးသူငယ် များအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းများ၊ ညွှန်ကြား ချက်များနှင့်အညီ လက်ခံပြုစုစောင့်ရှောက်ရန် စံလုပ်ငန်း လမ်းညွှန်များ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်