
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မူပိုင်ခွင့်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ(၂၀၁၉)အရ အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အခွင့်အရေးရရှိလိုသူသည် သတ်မှတ် ချက်များနှင့်အညီ မူပိုင်ခွင့်ဦးစီးဌာန မှတ်ပုံတင် အရာရှိထံ လျှောက်ထားရမည် ဖြစ်ပါသည်။ ထိုသို့လျှောက်ထားနိုင်မည့်နေ့ရက်ကို ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အမှတ်တံဆိပ် လျှောက်ထားလိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသည့် အီလက် ထရွန်နစ်စနစ်ဖြင့် လျှောက်ထားခြင်း၊ မူပိုင် ခွင့်ဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားခြင်း၊ နိုင်ငံတော်က အသိအမှတ် ပြုထားသည့် စာပို့လုပ်ငန်းတစ်ခုခုမှ ပေးပို့ လျှောက်ထားခြင်းစသည့် နည်းလမ်းများဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။ အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားရာတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို အသုံးပြုပြီး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့်ရေးသား၍ လျှောက်ထား ရမည်ဖြစ်သည်။
အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက်ထားသူများအနေဖြင့် လျှောက်ထား ချက်တွင် မှတ်ပုံတင်ပေးရန် တောင်းဆိုချက်၊ လျှောက်ထားသည့် လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်း၏ အမည်နှင့်နေရပ်လိပ်စာ ပါရှိရမည်ဖြစ်ပြီး ကိုယ်စားလှယ်ခန့်အပ်၍ လျှောက်ထားခြင်း ဖြစ်လျှင် ကိုယ်စားလှယ်၏ အမည်၊ နေရပ် လိပ်စာနှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် ပါရှိရမည်ဖြစ်သည်။ ထို့ပြင် လျှောက်လွှာတွင် အမှတ်တံဆိပ်အတွက် ရှင်းလင်းပြည့်စုံသော ဖော်ပြချက် ပါရှိရမည့်အပြင် အပြည်ပြည် ဆိုင်ရာ အမှတ်တံဆိပ်အမျိုးအစား အုပ်စုခွဲခြား ခြင်း (Nice Classification)ကို အခြေခံ၍ ခွဲခြားထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အမျိုးအစားများကိုလည်း ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထား ချက်တွင် အမျိုးအစားမျိုးစုံ (Multi Class) လျှောက်ထားနိုင်ပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစား (Class)အရေအတွက် အပေါ်မူတည်၍ သတ်မှတ်သည့် အခကြေးငွေ များ ပေးသွင်းရမည် ဖြစ်ပါသည်။ သတ်မှတ် ထားသည့် အခကြေးငွေများ ပေးသွင်း၍ လျှောက်ထားချက်တွင် ပါရှိသော လိုအပ်သည့် အခြေခံအချက်အလက်များ ပြည့်စုံသည့် နေ့ရက်ကို နိုင်ငံတော်တွင် အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားချက် တင်သွင်းသည့် နေ့(Filing Date)အဖြစ် မှတ်ယူနိုင်မည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။