
နေပြည်တော် ဒီဇင်ဘာ ၁၆
မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး စီမံကိန်း (COMMIT)၏ (၅)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး (5th COMMIT Inter-Ministerial Meeting-IMM5) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ရုံးအမှတ်(၈) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေး ခန်းမ(၁)၌ Video Conference စနစ်ဖြင့် ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ COMMIT အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘော ဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ COMMIT အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ထိုင်းနိုင်ငံ က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်နိုင်ငံများက ၂၀၂၀-၂၀၂၁ ကာလအတွင်း မဲခေါင်ဒေသခွဲတွင်းလုပ်ငန်းစီမံချက် (SPA IV) အကောင် အထည်ဖော်မှု၊ မဲခေါင်ဒေသခွဲ တွင်းလုပ်ငန်းစီမံချက် (SPA IV) အကောင် အထည်ဖော်ခြင်း၏ သက်ရောက်မှုများ၊ ရရှိခဲ့သောသင်ခန်းစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် က မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်ဆက်စပ်၍ လူကုန်ကူးခံရနိုင်ခြေ အန္တရာယ်အများဆုံးရှိသော လူမှုအသိုင်းအဝိုင်းဖြစ်သည့် အခြေခံ လူတန်းစားများ၊ လက်လုပ်လက်စားများ၊ လမ်းပေါ်နေထိုင်သူများ၊ လမ်းပျော်များ၊ ဆယ်ကျော်သက် ကျား/မ လူငယ်လူရွယ်များကို ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၀-၂၀၂၁ ကာလအတွင်း လူကုန်ကူးမှု ဖြစ်ပွားနိုင်ခြေမှ ကာကွယ်တားဆီးနိုင်မှု ၈၁ မှုနှင့် ကျူးလွန်ခံရနိုင်ခြေရှိသူ ကျား ၄၆၈ ဦး၊ မ ၃၇၂ ဦး၊ စုစုပေါင်း ၈၄၀ တို့ကို ကြိုတင်ကာကွယ် တားဆီးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် လည်း မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံရပ်ခြားသို့ ပြန်လည် ထွက်ခွာကြမည်ဖြစ်ပြီး ကျင့်ဝတ်နှင့်ညီသည့် လုပ်သားစုဆောင်းမှုများ ဖြစ်စေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် လုပ်သားများ ပြန်လည်ထွက်ခွာရာတွင် တရားဝင်ဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး ဆိုက်ရောက်ရာနိုင်ငံများ၏ အစိုးရ များနှင့် အလုပ်ရှင်များအနေဖြင့်လည်း လုပ်သားအခွင့်အရေးများ ပြည့်ဝစွာရရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် တိုက်တွန်း လိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံနေကြရသည့် မြန်မာနိုင်ငံသားများကို ဆိုက်ရောက်နိုင်ငံများ၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ (နစ်နာကြေး/ လျော်ကြေးလုပ်ခလစာ/ ထောက်ပံ့ကြေး) ရရှိရေး ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် တတိယ သုံးလပတ်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ခြောက်ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ၂၅ ဦး စုစုပေါင်း ၃၁ ဦးတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ကြောင်း၊ အဆိုပါအောင်မြင်မှုသည် COMMIT အဖွဲ့ဝင်နိုင်ငံများ အကြားတွင် ကောင်းမွန်သည့် မိတ်ဖက်ဆက်ဆံရေး၏ ရလဒ်ကြောင့်ပင် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများအတွက် အဘက်ဘက်မှ ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ဆက်လက်ပြီး လူကုန်ကူးသူများက social media အသုံးပြု၍ လိမ်လည်စုဆောင်းသည့် အန္တရာယ်များဖြစ်ပေါ်လာသဖြင့် ကျူးလွန် သည့်မှုခင်းများကို စုံစမ်းဖော်ထုတ်နိုင်ရန် နည်းပညာဆိုင်ရာ အထောက်အကူပစ္စည်းများ အပြန်အလှန်ဖလှယ်ခြင်း၊ နိုင်ငံအသီးသီး၏ မတူကွဲပြားသော လူကုန်ကူးမှုဥပဒေများနှင့် ပြည်တွင်းတည်ဆဲဥပဒေ များ၊ တရားခံများ၏ ပြောင်းလဲအသုံးပြုလာသည့် ကျူးလွန်ပုံကျူးလွန် နည်းများနှင့် နည်းပညာတိုးတက်မှုတို့ကြောင့် မှုခင်းများ စုံစမ်းဖော်ထုတ် ရန် ခက်ခဲခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများဖော်ထုတ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် ဖြစ်ပေါ်လာသော လူကုန်ကူးမှုများ လျော့ပါးစေရေးအတွက် မှန်ကန်သော အလုပ်သမား စုဆောင်းမှုများ ပိုမိုအားကောင်းစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးလိုကြောင်း ပြောကြား သည်။
ထို့နောက် ကဏ္ဍစုံချဉ်းကပ်ဆောင်ရွက်ခြင်းဖြင့် မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များအပေါ် အောင်မြင်စွာဆောင်ရွက် နိုင်မှုများ၊ နိုင်ငံဖြတ်ကျော်လွှဲပြောင်းညွှန်းပို့မှုယန္တရား (Transnational Referral Mechanism-TRM) ဖွံ့ဖြိုးမှုတိုးတက်မှု၊ မဲခေါင်ဒေသ ခွဲတွင်း လုပ်ငန်းစီမံချက်(SPA V) ရေးဆွဲဖော်ထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်