
ရန်ကုန် ဒီဇင်ဘာ ၁၆
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ AFF Cup ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက် အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံ မရွေးချယ်ဘဲ အိမ်ကွင်း၊ အဝေးကွင်း ပုံစံဖြင့် ကျင်းပသွားမည်ဖြစ် သည်။
အုပ်စုပွဲများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေး ကွင်း နှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ယင်းပြိုင်ပွဲကို ငါးသင်း နှစ်အုပ်စု ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က)တွင် လက်ရှိချန်ပီယံ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ မြန်မာ၊ လာအိုအသင်းတို့ ပါဝင်နေသည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ပြိုင်ပွဲပထမနေ့အဖြစ် အုပ်စု (က) ပွဲစဉ် များ ကျင်းပမည်ဖြစ်ပြီး ကမ္ဘောဒီးယား အသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ဘရူနိုင်း အသင်းနှင့် ထိုင်းအသင်း ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ အုပ်စု (ခ) တွင် ကျရောက်နေသည့် မြန်မာအသင်းသည် အုပ်စုပထမပွဲကို ဒီဇင်ဘာ ၂၁ ရက်တွင် ကစားရမည်ဖြစ်ပြီး မလေးရှားအသင်း နှင့် အိမ်ကွင်းပွဲစဉ် ကစားရမည်ဖြစ် သည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှား အသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၂၄ ရက် တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်း၊ ဇန်နဝါရီ ၃ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေး စင်အသင်းသည် အိမ်ကွင်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ယင်းပြိုင်ပွဲအတွက် နိုဝင်ဘာ ၁၈ ရက်က စတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ထိုင်းခြေစမ်းခရီးစဉ်အပြီးတွင် ပဏာမ ကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင် ဆင်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်ရမည်ဖြစ်သောကြောင့် သုံးဦးလျှော့ချရမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင်အသင်း ပဏာမကစား သမား ၂၆ ဦးစာရင်းတွင် ဂိုးသမား- ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ဆန်းဆက်နိုင်၊ ထွန်းနန္ဒဦး၊ နောက်တန်း- ဒေးဗစ်ထန်၊ နန္ဒကျော်၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ သီဟထက်အောင်၊ ဟိန်းဇေယျာလင်း၊ ဇော်ရဲထွန်း၊ ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ အလယ်တန်း- ရန်နိုင်ဦး၊ အောင်နိုင်ဝင်း၊ မြတ်ကောင်းခန့်၊ ဝေလင်းအောင်၊ ကျော်မင်းဦး၊ လင်းထက်စိုး၊ လွင်မိုးအောင်၊ ရဲရင့်အောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ ရှေ့တန်း- ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်နှင့် နိုင်ဇင်ထက်တို့ ပါဝင်သည်။
မြန်မာအသင်းအနေဖြင့် နောက် တစ်ဆင့်တက်ရောက်နိုင်ရန် ပိုမို အားထုတ်ရဖွယ်ရှိနေပြီး အိမ်ကွင်း နှစ်ပွဲစလုံး အမှားအယွင်းမရှိ အမှတ် ပြည့်ရယူနိုင်မှသာ အဝေးကွင်းပွဲများ တွင် ရလဒ်ကောင်းပါက ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ-MFF