
နေပြည်တော် ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံ စာရင်းကောင်စီ နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်း ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက မြန်မာနိုင်ငံ စာရင်းကောင်စီကို ၁၉၇၂ ခုနှစ်မှစတင်၍ ကျင့်ဝတ် သိက္ခာမြင့်မားပြီး အရည်အချင်း ပြည့်မီသော စာရင်းပညာရှင်များ တိုးပွားလာစေရန်၊ စာရင်းပညာ ရပ်များ အစဉ်တစိုက် ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံတကာစံ များနှင့်အညီ လိုက်နာကျင့်သုံးနိုင် ရန် ရည်ရွယ်၍ ဖွဲ့စည်းဆောင်ရွက် လာခဲ့သည်မှာ ယခုအခါ နှစ်(၅၀)ရွှေရတု တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကို နှစ် (၅၀) ကာလအတွင်း မြန်မာနိုင်ငံစာရင်း ကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင် များ အသင်း၊ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍနှစ်ရပ်လုံးတွင် စာရင်း ပညာ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် ကျင်းပရ ခြင်းဖြစ်ပါကြောင်း။
ယနေ့ နိုင်ငံတော် တည် ဆောက်ရေးကာလတွင် နိုင်ငံ၏ ဘဏ္ဍာငွေစီမံခန့်ခွဲမှု အားကောင်း စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန်အတွက် စာရင်းပညာရှင် များ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါကြောင်း၊ သို့ပါ၍ စာရင်းပညာရပ်များ ထွန်းကား ပြန့်ပွားစေရေးနှင့် စာရင်းပညာ ရှင်များ ပိုမိုပေါ်ထွန်းလာစေရေးတို့ အတွက် မြန်မာနိုင်ငံ စာရင်း ကောင်စီ၏ “စာရင်းပညာ ပြည့်ဝ စွာဖြင့် ပျံ့သင်းဂုဏ်ရည်စာရင်း ကောင်စီ” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ အသင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ သမိုင်းအစဉ်အလာကောင်းများကို နောင်ရာပြည့်နှစ်များ တိုင်အောင် ဆက်လက်ထိန်းသိမ်း လက်ဆင့် ကမ်း ဆောင်ရွက်သွားကြ စေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယစာရင်း စစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံ စာရင်းကောင်စီ၏ နှစ် (၅၀) ပြည့် ရွှေရတုတိုင် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုမှတ်တိုင်များကို တင်ပြ သည်။
ယင်းနောက် မြန်မာနိုင်ငံ စာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတု အထိမ်းအမှတ်သီချင်း Video Clip ကို ဖွင့်လှစ်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာရင်းကောင်စီ နာယကကြီးများ နှင့် ဝါရင့်စာရင်းပညာရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ဂါရဝပြုပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ သည် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်း အမှတ် ခင်းကျင်းပြသထားသည့် စာရင်းစစ်ချုပ်ရုံး သမိုင်းကြောင်း နှင့် မှတ်တမ်းများ ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပ ရာ လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) တို့တွင် ထူးချွန်စွာ အောင်မြင်သူများနှင့် ဆုရရှိသော စာတမ်းရှင်များကို ဆုချီးမြှင့်ပြီး မဂ္ဂဇင်းကလောင်ရှင် များ၊ တေးသီချင်းသီကုံးစပ်ဆိုသူ၊ မြန်မာနိုင်ငံ စာရင်းကောင်စီ နှစ် (၅၀)ပြည့် ဆောင်ပုဒ်ရေးသား သူ၊ Logo ဒီဇိုင်းရေးဆွဲသူနှင့် အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ၊ ဆပ်ကော်မတီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အထိမ်း အမှတ် လက်ဆောင်များ ပေးအပ် သည်။
ယင်းနောက် တက်ရောက် လာကြသူများအား နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနား တတိယပိုင်း တွင် “နိုင်ငံတကာ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာ စံများ၏ လမ်းပြမြေပုံနှင့် မြန်မာနိုင်ငံ၌ ယင်း၏စိန်ခေါ်မှုများ” နှင့် “စာရင်း စစ်နှင့်စာရင်းကိုင်များ၏ အနာဂတ် အခန်းကဏ္ဍ” ခေါင်းစဉ်တို့ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပ ပြီး စကားဝိုင်းဆွေးနွေးသူများကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့် သည်။
ယင်းနောက် ဒုတိယစာရင်း စစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်