
ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် ၂၉ ဇုန်မှထွက်ရှိသော ထုတ်ကုန်ပစ္စည်းများပြပွဲကို ဒီဇင်ဘာ ၁၅ ရက်က စပြီး ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ပထမဆုံး ကျင်းပလျက်ရှိရာ ပြည်တွင်း စက်မှုလုပ်ငန်းရှင်များအကြား တစ်ဦးနှင့်တစ်ဦး စီးပွားရေး ကုန်သွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီပြပွဲက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပတာလည်းဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန် ၂၉ ခုရဲ့ ထုတ်ကုန်ပစ္စည်းပြပွဲ အနေနဲ့ ပထမဆုံးကျင်းပတာပါ။ စက်မှု လုပ်ငန်းတွေအနေနဲ့ ပြည်ပကဝယ်ယူတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိတယ်။ ပြည်တွင်းက ဝယ်ယူရတဲ့ ကုန်ကြမ်းပစ္စည်းတွေလည်း ရှိ တယ်။ ဒီလိုရှိတဲ့အခါမှာ ပြည်ပက ကုန်ကြမ်းတွေ ဝယ်ယူမယ့်အစား ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ ကုန်ကြမ်းတွေကို အသုံးပြုနိုင်ဖို့အတွက် စက်မှုလုပ်ငန်းရှင် တစ်ဦးနဲ့တစ်ဦး စီးပွားရေးကုန်သွယ်မှုတွေ လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် စက်မှု နည်းပညာတွေ တစ်ဦးနဲ့တစ်ဦး ဖလှယ်နိုင်ဖို့အတွက်လည်း ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို လည်း ဖိတ်ခေါ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာခင်သော်တာဝင်းက ပြောသည်။
ဦးစီးကျင်းပ
ထိုပြပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှု ဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီက ဦးစီး ကျင်းပခြင်းဖြစ်သည်။
ပြပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထွက်ရှိသော ပြည်တွင်း ကုန်ကြမ်းများကို အခြေခံ ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ပြည်တွင်းထုတ် အရည်အသွေးမီ ဆေးဝါးအမျိုးမျိုး၊ ဘက်ထရီအမျိုးမျိုး ပြခန်း များအပြင် မြောင်းတကာနှင့် သာဓုကန်စက်မှုဇုန်တို့မှ ထုတ်လုပ်လျက်ရှိသော မော်တော်ကားအမျိုးမျိုး တို့ကို ပြသထားပြီး ပြခန်းပေါင်း ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
လေးရက်ကြာ ပြသသွားမည်
ပြပွဲကို ဒီဇင်ဘာ ၁၈ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လေးရက်ကြာ ပြသသွားမည်ဖြစ်ပြီး ပြပွဲ၏ ထုတ်ကုန်ပစ္စည်းများကို Online web portal မှတစ်ဆင့် ပြသနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေး ကော်မတီမှ သိရသည်။
မင်းခ