
နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာ့ဘောလုံး အားကစား လောက အဆင့်အတန်းတိုးတက် မြင့်မားလာစေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် (အမျိုးသမီး) ဘောလုံးအားကစား သမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုရှုံးထွက်ပွဲစဉ်များကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁) နှင့် ကွင်းအမှတ် (၃) တို့၌ ဆက်လက် ကျင်းပသည်။
ကြည့်ရှုအားပေး
ပြိုင်ပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော Jeng Phang နော်တောင်၊ ဒေါက်တာ ဗညား အောင်မိုးနှင့် ဇနီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။
U-18 (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲ အုပ်စုရှုံးထွက်ပွဲစဉ် တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁) ၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို လေးဂိုး- နှစ်ဂိုးဖြင့်လည်းကောင်း ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသည်။
အခမဲ့လာရောက်
ကြည့်ရှုနိုင်
ဒီဇင်ဘာ ၁၁ ရက်တွင် ပြိုင်ပွဲ တစ်ရက်နားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ U-18 (အမျိုးသမီး) ဘောလုံး ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရှိရသည်။
သတင်းစဉ်