
နေပြည်တော် ဒီဇင်ဘာ ၉
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြု ရေယာဉ်များ ဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့ သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်း များ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင် ခန့်အကွာသို့အရောက်၌ ဘင်္ဂါလီ လူမျိုးများ တင်ဆောင်လာသည့် လှေတစ်စင်းသည် ရေဝင်၍ နစ်မြုပ် လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရ သဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ) မှ လုံခြုံရေး စစ်ရေယာဉ်များသို့ သတင်းပေးပို့ လာခဲ့သည်။
သတင်းရလျှင် ရချင်း တပ်မတော်(ရေ)မှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကော်ဗက်အမျိုးအစား စစ်ရေယာဉ်အား စေလွှတ် ခေါ်ဆောင်စေခဲ့ရာ ည ၁၀ နာရီ ခန့်တွင် မြိတ်မြို့၏ အနောက် တောင်ဘက် ၁၅၅ မိုင် ခန့်အကွာ ၌ HAI DUONG 38 ရေယာဉ်နှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီလူမျိုး လူကြီးကျား ၈၃ ဦး၊ မ ၄၀ ၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ် ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ ကျွေးမွေး ခေါ်ဆောင်လာခဲ့သည်။
အထက်ပါ ဘင်္ဂါလီလူမျိုးများ အား မြိတ်မြို့ အနောက်မြောက် ဘက် ၈ ဒသမ ၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ပါဝင်သောအဖွဲ့စုံဖြင့် ရေယာဉ်ပေါ် ၌ စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ဘင်္ဂါလီလူမျိုးများ သည် ဘင်္ဂါလီစကားတစ်မျိုးတည်း သာ ပြောဆိုတတ်ပြီး ကနဦး မေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ခရိုင် ဒေါ့ကာစီဒုက္ခသည်စခန်းများ မှဖြစ်ကြောင်း၊ ဒုက္ခသည်စခန်း အတွင်း လူဦးရေများပြားခြင်း၊ လုံခြုံမှုမရှိခြင်းနှင့် စားနပ်ရိက္ခာ မလုံလောက်ခြင်း တို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက် ရန်အတွက် လိုက်ပါလိုသူမိသားစု များထံမှ တာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေတစ်စင်း ဝယ်ယူခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် အဆိုပါစက်လှေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက် ခွာလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ တွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR)မှ ထုတ် ပေးထားသည့် ဒုက္ခသည်ကတ် များ ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇ ရက်တွင် လှေအတွင်း သို့ ရေများဝင်ရောက်၍ နစ်မြုပ် နေစဉ် HAI DUONG 38 ရေယာဉ် နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းနှင့် လှေပေါ်ပါသူအားလုံး အသက်ရှင် လျက်ရှိကြောင်း သိရှိရသည်။
ယင်း ဘင်္ဂါလီလူမျိုးများအား မြိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ပါဝင်သော အဖွဲ့စုံဖြင့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက် ပြီးပါက စစ်တွေမြို့သို့ ဆက်လက် ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်