
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟု ဆိုသည့်အတိုင်း ရှေးခေတ်အဆက်ဆက် မှ တည်ရှိခဲ့သည့် မြန်မာ့တိုင်းရင်း ဆေးပညာသည် ယနေ့မျက်မှောက်ခေတ် ကာလတိုင်အောင် အစဉ်အဆက် အားကိုးအားထား ပြုနေရဆဲဖြစ်သည်။
မြန်မာတိုင်းရင်းဆေးနှင့် ကုထုံးများ မတိမ်ကောမပပျောက်စေရန် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပြီး ဖွံ့ဖြိုးတိုးတက်လာ သည့် မြန်မာ့တိုင်းရင်းဆေးပညာကို ရိုးရာအမွေအနှစ် အမျိုးသားယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်နှင့် ခိုင်မာစွာ ရပ်တည်လျက်ရှိသည့် မြန်မာ့တိုင်းရင်း ဆေးပညာရပ်များ ရေရှည်တည်တံ့ခိုင်မြဲ စေရန် ရည်ရွယ်၍ (၂၁) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ၌ ယနေ့ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက် လာကြသည့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ ပြခန်းတာဝန်ခံများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနှင့် တိုင်းရင်း ဆေးထုတ်လုပ်သူများ၏ စကားသံများ ကို စုစည်းဖော်ပြလိုက်ရပါသည်။
ဒေါ်စုစုဒွေး (ညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန)
မြန်မာ့တိုင်းရင်းဆေး သမားတော် များညီလာခံကို တိုင်းရင်းဆေးပညာ တိုးတက်ဖို့၊ တိုင်းရင်းဆေးဝါးထုတ်လုပ် တဲ့ လုပ်ငန်းစနစ်ကျဖို့၊ တိုင်းရင်းဆေး သမားတော်များဟာ ကျင့်ဝတ်သိက္ခာနဲ့ အညီ ဆောင်ရွက်ကြဖို့ ရည်ရွယ်ချက် သုံးခုနဲ့ ကျင်းပတာဖြစ်ပါတယ်။ ညီလာခံ ကျင်းပခြင်းဖြင့် ပိုမိုအစွမ်းထက် ကောင်းမွန်တဲ့ တိုင်းရင်းဆေးဝါးတွေကို ဖော်ထုတ်လာမယ်။ တိုင်းရင်းဆေးပညာ ရှင်တွေအနေနဲ့ အသိပညာ၊ အတတ် ပညာ၊ ကုထုံးတွေပိုမိုတိုးတက်မြင့်မား လာပြီး ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲမှာ တိုင်းရင်းဆေးလုပ်ငန်းရှင်တွေလည်းပါတယ်။ လုပ်ငန်း ရှင်တွေအနေနဲ့လည်း ပိုမိုစိတ်ချယုံကြည် ရတဲ့ တိုင်းရင်းဆေးတွေကို နည်းပညာ အသစ်အဆန်းတွေနဲ့ ထပ်မံထုတ်လုပ်နိုင် လာမှာ ဖြစ်ပါတယ်။
ညီလာခံမှာ တိုင်းရင်းဆေးပညာရဲ့ အခြေခံဖြစ်တဲ့ နယကြီးလေးပါးကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး အစွမ်းထက်တိုင်းရင်း ဆေးဝါးတွေကို ဖော်ထုတ်ဖို့၊ တိုင်းရင်း ဆေးဆရာတွေ လိုက်နာရမယ့် ကျင့်ဝတ် တွေကိုလိုက်နာပြီး ကျင့်ကြံဆောင်ရွက် ကြဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အိမ်တိုင်း၊ မိသားစုတိုင်းမှာ မြန်မာ တိုင်းရင်းဆေးတွေရှိပါတယ်။ ပြည်သူ တွေအနေနဲ့ ယုံယုံကြည်ကြည်သုံးစွဲနေ ကြပါတယ်။ ခေတ်မီတိုးတက်လာပြီ ဆိုတော့ ရိုးရာကိုပဲသုံးသုံး ခေတ်မီ နည်းပညာကိုပဲဖော်ဖော် ဖော်လာတဲ့ တိုင်းရင်းဆေးက ပြည်သူလူထုအတွက် ဘေးကင်းလုံခြုံစိတ်ချပြီး အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေဖြစ်အောင် တိုင်းရင်း ဆေးပညာဦးစီးဌာနအပါအဝင် တိုင်းရင်း ဆေးပညာရှင်တွေ၊ ထုတ်လုပ်တဲ့လုပ်ငန်း ရှင်တွေ၊ တိုင်းရင်းဆေးကောင်စီဝင်တွေ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေပါတယ်။
ဦးသန်းညွန့် (ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန)
ဒီနေ့ကျင်းပတဲ့ ညီလာခံနဲ့ နှီးနှော ဖလှယ်ပွဲမှာ ပါဝင်ပြသထားတဲ့ တိုင်းရင်း ဆေးပြခန်းတွေဟာ တိုင်းရင်းဆေးပညာ အတွက် အရေးကြီးပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြား လုပ်တာက ပြခန်းတွေ ပါဝင်လာတာဖြစ်ပါတယ်။ ဒီနှစ်မှာ စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် အနယ်နယ်အရပ်ရပ်က တိုင်းရင်းဆေး သမားတော်ကြီးတွေ တစ်ဦးနဲ့တစ်ဦး ဆုံတွေ့ခွင့်ရတယ်။ပညာရပ်တွေ နှီးနှော ဖလှယ်ခွင့်ရတယ်။ ကိုယ့်တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် ဆောင်ရွက်မှုတွေကို မျှဝေခွင့်ရတဲ့အတွက် အင်မတန်မှ ကောင်းပါတယ်။ နောက်ပြီး တိုင်းရင်း ဆေးပညာဦးစီးဌာနအနေနဲ့ တိုင်းရင်းဆေး ပညာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက် နေတာရှိပါတယ်။ ဒီလိုတိုင်းရင်းဆေး ညီလာခံကြီးတွေလုပ်ပြီး ဖလှယ်ကြ၊ ဆွေးနွေးကြ၊ အကြံဉာဏ်တွေပေးကြ တယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ တိုးတက်မှုတွေရလာမယ်လို့ မျှော်လင့်ပါ တယ်။
တိုင်းရင်းဆေးပညာဟာ ခေတ် အဆက်ဆက်အမွေထိန်းလာတဲ့ ပညာ ရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမျိုးသားရေး ဆေးပညာတစ်ရပ်လို့ ပြောလို့ရပါတယ်။ ပြည်သူတွေကလည်း ဒီနေ့အထိ တိုင်းရင်းဆေးအပေါ်မှာ အားကိုးပြီးသုံးစွဲနေတာဟာ အများအသိ လည်းဖြစ်ပါတယ်။ ဒါပေမယ့် ခေတ်နဲ့ အညီ တိုးတက်အောင်ဆောင်ရွက်ဖို့ လိုလာပါတယ်။ ခေတ်နဲ့အညီ ရင်ပေါင် တန်းပြီး ပညာရပ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဦးစီးဌာနရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဦးစီးဌာနက ဆေးဝါးတွေ ကို တရားဝင်ဈေးကွက်ထဲမှာ ရောင်းချ နိုင်အောင် မှတ်ပုံတင်ပေးတာတွေ၊ လိုင်စင်ထုတ်ပေးတာတွေ ဆောင်ရွက် ပေးနေပါတယ်။
ဦးမြင့်ဦး (ဥက္ကဋ္ဌ- မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ)
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အနေနဲ့ တိုင်းရင်းဆေးဆရာတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ သိက္ခာတွေကို အဓိကထား ပြသဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီမှာ ရည်ရွယ်ချက်တွေရှိပါတယ်။ ရည်ရွယ်ချက် ခုနစ်ချက်အနက် တိုင်းရင်း ဆေးဆရာများဟာ မိမိတို့ရဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့ စည်းကမ်းများကို လိုက်နာ စေရေး ကြီးကြပ်ထိန်းသိမ်းရန်ဆိုတဲ့ အချက်က အဓိကကျပါတယ်။ ဒါကို တိုင်းရင်းဆေးဆရာတွေ သိရှိလိုက်နာ ကြဖို့ အဓိကထားပြသတာဖြစ်ပါတယ်။ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲမှာ အဆိုငါးရပ်နဲ့ ရိုးရာ တိုင်းရင်းဆေးပညာ အကြောင်းကို ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးတွေ တစ်ဖုံဖော်တိုင်း သုတေသနအဆင့်ဆင့် ဆောင်ရွက်ရပါ တယ်။ အဆင့်ဆင့်ဓာတ်ခွဲပြီး လုံးဝ ဘေးကင်းလုံခြုံစိတ်ချရပြီဆိုမှ ဆေးဝါး မှတ်ပုံတင်ရပါတယ်။ ဒါကြောင့် ဆေးဝါး မှတ်ပုံတင်ပါတဲ့ တိုင်းရင်းဆေးတွေကို စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါတယ်လို့ ပြောကြားလိုပါတယ်။
ဒေါ်စိုးစိုးယဉ်
(ကရင်ပြည်နယ် ပြခန်းတာဝန်ခံ)
ကရင်ပြည်နယ် ဒေသထွက် တိုင်းရင်းဆေးဝါးပစ္စည်းတွေနဲ့ ဆေးပင် တွေကို ဒီနေ့မှာ လာရောက်ပြသတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ထွက် တိုင်းရင်းဆေးတွေကို ကရင်ပြည်နယ် အတွင်းသာမက ကျန်တဲ့တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေပါသိရှိနိုင်စေဖို့ ရည်ရွယ် ပါတယ်။ ကရင်ပြည်နယ်မှာ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံနဲ့ တိုင်းရင်း ဆေးကုဌာန ခုနစ်ခုကနေ ပြည်နယ် အတွင်းမှာ ဆေးကုသရေးလုပ်ငန်းတွေနဲ့ ပညာပေး ဟောပြောပွဲတွေကိုလည်း ဆောင်ရွက်ပေးပါတယ်။ ကုသရေးနဲ့ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အဓိကဆောင်ရွက်ပါ တယ်။ တိုင်းရင်းဆေးတွေကို ပြည်သူတွေ ယခင်ကထက် ပိုမိုသုံးစွဲလာနေကြပါပြီ လို့ ပြောကြားလိုပါတယ်။
ဒေါ်စန္ဒာဝင်း
(ဒေဝယက္ခတိုင်းရင်းဆေးတိုက်)
ဒီပွဲမှာ ပဲခူးတိုင်းဒေသကြီးက ထွက်တဲ့ တိုင်းရင်းဆေးတွေကို တာဝန် ယူလာရောက် ပြသပေးခြင်းဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါ ကာလအတွင်းမှာ နိုင်ငံခြားဆေးတွေ ဈေးကွက်အတွင်း ပြတ်လပ်သွားခဲ့ပါတယ်။ ဒီအချိန်မှာ တိုင်းရင်းဆေးကို အများဆုံး ယုံယုံ ကြည်ကြည်နဲ့ သုံးစွဲလာကြတယ်။ ဒါကြောင့် ကျွန်မတို့တိုင်းရင်းဆေးတွေကို ဒီထက်မက ကောင်းအောင်ထုတ်လုပ်ပြီး ပြည်သူတွေလည်း ယုံကြည်စွာနဲ့ သုံးစွဲ နေချိန်မှာ နိုင်ငံတော်အကြီးအကဲက လည်း ပံ့ပိုးပေးနေတဲ့အတွက် မြန်မာ တိုင်းရင်းဆေးကို ဒီထက်မကတိုးတက် အောင် ဆောင်ရွက်နေပါတယ်။
ဦးအောင်စိုးလွင် (ဆေးရုံအုပ်ကြီး၊
ခုတင် ၅၀ ဆံ့တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့)
ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး အနေနဲ့ ဒီနေ့မှာတိုင်းရင်းဆေးထုတ်လုပ် ရေး ၁၁ ခုနဲ့ ဆေးဝါးအမျိုးအမည် ၂၉ မျိုးပြသထားပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံ နဲ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှော ဖလှယ်ပွဲဟာ ထူးခြားလေးနက်ပါတယ်။ ယခင်နှစ်ကဆိုရင် တိုင်းရင်းဆေးဝါး ထုတ်လုပ်သူတွေကသာ ပြသပြီးတော့ ဒီနှစ်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကိုယ်စားပြုပြခန်းငယ်တွေ ဖွင့်လှစ် ပြသခွင့်ပေးတာဟာ အင်မတန်ထူးခြား တယ်လို့ ပြောလိုပါတယ်။ အခုညီလာခံနဲ့ နှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းဆေးအသိ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တိုင်းရင်း ဆေးပညာဟာ မြန်မာမှာသာမက ကမ္ဘာ့ နိုင်ငံအသီးသီးကို ထိုးဖောက်ပြီး နိုင်ငံတော်ဘဏ္ဍာငွေတောင် ရှာဖွေပေး နိုင်တဲ့ ဆေးဝါးတွေဖြစ်မယ်လို့ ယုံကြည် ပါတယ်။ နိုင်ငံအနှံ့အပြားက သမားတော် ကြီးတွေ၊ ကျွန်တော်တို့ရဲ့ ဆရာသမား တွေ၊ အပေါင်းအသင်းတွေ ဒီနေရာမှာ တစ်စုတစ်ဝေးတည်း လာရောက်တွေ့ဆုံ ရတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း အထူးပင်ကျေးဇူး တင်ရှိပါတယ်။
ဒေါ်ကြည်ဌေး (မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင်)
ကျွန်မအနေနဲ့ တိုင်းရင်းဆေးသမားတော်များညီလာခံမှာ စာတမ်းတင်သွင်း မှာဖြစ်ပါတယ်။ ကျွန်မက လက်ရှိမှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန် ယူပြီး တိုင်းရင်းဆေးလောကတစ်ခုလုံး ပညာရပ်ဖွံ့ဖြိုးရေး၊ ဆေးဝါးတွေဖွံ့ဖြိုးရေး ကိစ္စတွေနဲ့ပတ်သက်ပြီး တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိပါတယ်။ အခု ညီလာခံမှာ ကချင်ပြည်နယ်က တိုင်းရင်း သားတွေ ရိုးရာအစဉ်အဆက်အသုံး ပြုခဲ့တဲ့ ဆေးနည်းလေးတွေကို တင်ပြမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးဦးစီးဌာန အနေနဲ့လည်း ရိုးရာတိုင်းရင်းဆေးပညာ တွေကို ဖော်ထုတ်နေတာဖြစ်တဲ့အတွက် ဒီဆေးနည်းလေးဟာ အထောက်အကူ ဖြစ်နိုင်တယ်လို့ယူဆပြီး စာတမ်းအဖြစ် ကုသိုလ်ပြုတင်သွင်းတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ဆေးဖက်ဝင်အပင် တွေကိုလည်း ပြခန်းမှာပြသထားပါ တယ်။
ပြည်သူတွေကို ပြောလိုတာက တိုင်းရင်းဆေးဟာလည်း သုတေသနပြုမှု တွေ၊ စစ်ဆေးမှုတွေ အဆင့်ဆင့်နဲ့ ထုတ်လုပ်ရောင်းချကြတာ ဖြစ်တဲ့ အတွက် ယုံကြည်စိတ်ချစွာသုံးစွဲနိုင် တယ်။ တိုင်းရင်းဆေးဟာ မိမိတို့ရဲ့ရိုးရာအမွေအနှစ်လည်းဖြစ်တယ်။ ရိုးရာ ဆေးပညာလည်းဖြစ်တယ်။ ကိုယ့်တိုင်း ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ရာသီဥတု အပေါ်မူတည်ပြီး စိုက်ပျိုးတဲ့အပင်တွေ ကို ဖော်စပ်တာဖြစ်တဲ့အတွက် မြန်မာ နိုင်ငံမှာ နေထိုင်တဲ့ပြည်သူတွေသုံးစွဲဖို့ သင့်တော်ပါတယ်။
ဒေါက်တာသိန်းဇော်လင်း (ပါမောက္ခ ချုပ်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်)
အခုလိုပြပွဲတွေ ကျင်းပခြင်းအားဖြင့် ပြပွဲကို လာရောက်ကြတဲ့ ပြည်သူလူထုကို တိုင်းရင်းဆေးတက္ကသိုလ်နဲ့ ပတ်သက် ပြီး သတင်းအချက်အလက် မြောက်မြား စွာကို ပေးနိုင်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကပြီးရင် တိုင်းရင်းဆေးဆရာ အဖြစ်၊ တိုင်းရင်းဆေးသမားတော်အဖြစ် အသက်မွေးလို့ရပါပြီ။ တက္ကသိုလ်ကနေ ရတဲ့ တိုင်းရင်းဆေးဆရာ မှတ်ပုံတင် လက်မှတ် (တ/ဆ) ရှိသွားပြီဆိုရင် တိုင်းရင်းဆေးဝါးတွေကို ကိုယ်ပိုင် ထုတ်လုပ်ပြီး ဖြန့်ဖြူးရောင်းချနိုင်ပါ တယ်။ တိုင်းရင်းဆေးပညာဦးစီးဌာနက ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်တွေမှာ ဝန်ထမ်းအဖြစ် ပြန်ပြီးတော့ လုပ်နိုင်ပါ တယ်။ နောက်တစ်ခုက ဘွဲ့လွန်ဒီဂရီတွေ တက်ပြီးပြီဆိုရင် ပြည်တွင်း၊ ပြည်ပ တွေမှာ ဆက်ပြီးအဆင့်မြင့်တဲ့ တိုင်းရင်း ဆေးပညာရပ်တွေကို သင်ယူနိုင်ပါတယ်။ ဒါတွေက ကျွန်တော်တို့ တိုင်းရင်းဆေး တက္ကသိုလ်က အောင်မြင်သွားတဲ့သူတွေ ရဲ့ အားသာချက်တွေဖြစ်ပါတယ်။
ပြခန်းအတွက်ကတော့ တိုင်းရင်း ဆေးတက္ကသိုလ်က ဌာနကြီး ခြောက်ခု ကနေလုပ်ထားတဲ့ သုသေသနရလဒ် ကောင်းတွေကို ပြသထားတာ ဖြစ်ပါ တယ်။ တိုင်းရင်းဆေးတက္ကသိုလ်ကို လျှောက်ချင်တယ်ဆိုရင် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်နည်းတူ အမှတ် နဲ့ လျှောက်ထားရတာဖြစ်ပါတယ်။ အမှတ် ၃၆၀ ဆို ရပါပြီ။ ဒီနှစ်မှာ ယောကျာ်းလေး အမှတ်ဆို ၃၅၂ မှတ် အထိ သတ်မှတ်ထားပါတယ်။ တိုင်းရင်း ဆေးတက္ကသိုလ်က အောင်မြင်တဲ့သူတွေ ဟာ အထောက်အထား ခိုင်ခိုင်မာမာရှိတဲ့ သုတေသနတွေလုပ်ပြီး အောင်မြင်မှ တိုင်းရင်းဆေးဆရာ ဘွဲ့လက်မှတ်တွေ ရပါတယ်။ အခုနောက်ပိုင်း ကျောင်းဆင်း တွေက သုတေသနနဲ့ ပတ်သက်လို့ တော်တော်လေးကို လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်တွေရှိပါတယ်။
ဒေါ်ကြည်ကြည်သန်း (ဆေးရုံအုပ်၊ စစ်တွေတိုင်းရင်းဆေးရုံ၊ စစ်တွေမြို့)
ကျွန်မတို့ဒေသက ကမ်းရိုးတန်း ဒေသဖြစ်တဲ့အတွက် ပင်လယ်ထွက် ပစ္စည်းတွေ ပိုပြီးပြသဖြစ်ပါတယ်။ သန္တာ ကျောက်တန်းကထွက်တဲ့ ကျောက်ခက် ဆိုရင် အပူကိုငြိမ်းပြီး ဆီးကို ရွှင်စေပါ တယ်။ ဆီးနဲ့ပတ်သက်တဲ့ ဆေးတွေမှာ ပိုပြီး အသုံးများပါတယ်။ ကနုကမာက အပူကြီးတာ၊ တင်းတိတ်ကို သွေးလိမ်းတဲ့ နေရာ၊ ဆီးသွေးပါတာ၊ ထိခိုက်ဒဏ်ရာ တွေမှာ သုံးကြပါတယ်။ အထူးသဖြင့် ပင်လယ်ထွက်ပစ္စည်းတွေကို ဆီးရောဂါ နဲ့ ပတ်သက်တဲ့ရောဂါတွေမှာ သုံးတာ များပါတယ်။ အခုလိုပြပွဲတွေ ကျင်းပ ခြင်းအားဖြင့် ပြည်သူတွေ တိုင်းရင်းဆေး တွေအကြောင်းကို သိရှိလာမယ်လို့ ယုံကြည်ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကြီးထိန်