
မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်
နေပြည်တော် ဒီဇင်ဘာ ၇
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်း သော မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၅၆၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက်ရေမိုင် ၆၈၀ ခန့်၊ သီရိလင်္ကာနိုင်ငံ ဂျက်ဖ်နာမြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၃၃၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၄၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါအားကောင်းသော မုန်တိုင်းငယ် သည် မြန်မာစံတော်ချိန် ၁၃:၃၀ နာရီတွင် မြောက်လတ္တီကျု ၈ ဒသမ ၈ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၈၅ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ နှုန်းခန့် ဖြစ်သည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ နောက် ၇၂နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမ ကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိတိုက်ခတ်နိုင်သည်။ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့ ၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၁ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနစ်ပေမှ ကိုးပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။ မိုး/ဇလ