
မန္တလေး ဒီဇင်ဘာ ၇
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ၏ အမှတ်အသားတံဆိပ်ကျောက်စာတိုင် ဖွင့်ပွဲနှင့်ရေစက်ချမင်္ဂလာအခမ်းအနားကို အဆိုပါတက္ကသိုလ် တွင် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းကကျင်းပရာ နိုင်ငံ တော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကေသရ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တ ကုမာရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် (ရန်ကုန်) ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ နှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့် ပြီး မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်ကြီး များနှင့် သံဃာတော်များက သာသနဿ စ လောက ဿ စသောဂါထာကို သုံးကြိမ်ရွတ်ဆိုကာ လူမှုရေးရာ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာ တော်က အမှတ်အသား တံဆိပ်ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီးနောက် ဇယန္တော ဗောဓိယာမူလေ အစချီ သော ဇယမင်္ဂလာ ဂါထာတော် နှစ်ပုဒ်ကို သုံးကြိမ် ရွတ်ဆို၍ ဖွင့်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ရေစက်ချ မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရ ထံမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာယူကြည်ညိုပြီးနောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် (ရန်ကုန်) ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒမှ အနုမောဒနာတရား ချီးမြှင့်ပြီးနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရ ထံမှ ရေစက်သွန်းချဆုတောင်းကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အမှတ်အသားတံဆိပ် စကျင်ကျောက်စာ တိုင်အား သာသနာ့တက္ကသိုလ် (မန္တလေး) စတင် တည်ထောင်သည့်နှစ်မှ စတင်၍ ယနေ့အထိ သက်တမ်းအားဖြင့် ၃၇ နှစ်ရှိပြီဖြစ်ပြီး စတင် တည်ထောင်ခဲ့သည့် ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ ကျေးဇူးတရားကို အစဉ်အမြဲတမ်း အမှတ်ရရှိစေရန်၊ သာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာတည်တံ့ စေရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောက်စာတိုင် အပေါ် ပိုင်း အဝိုင်းကြီးမှာ သာသနာ့တက္ကသိုလ် (မန္တလေး) စတင်တည်ထောင်သောခုနစ် သာသနာနှစ်၊ မြန်မာ နှစ်နှင့် မန္တလေးမြို့ဟုပါရှိသည့် တက္ကသိုလ်တံဆိပ်တုံး ဖြစ်ကြောင်း၊ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဟူသော အလှူ အားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဟု အဓိပ္ပာယ်ရသည့်စာသားပါရှိကြောင်း၊ အဝိုင်းကြီး၏ အောက်တွင် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိဓမ္မ ပိဋက ပိဋကသုံးပုံ ကိုယ်စားပြုစာအုပ် (၃) အုပ်ပါရှိ ကြောင်း၊ စာအုပ်၏ အောက်တွင် အဝိုင်းနှင့် စာအုပ်ကို တင်ထားသည့် ကလပ်ဖြစ်ပြီး ကလပ်တွင် တက္ကသိုလ် စတင်အုတ်မြစ်ချသည့် ခုနှစ်နှင့် စတင် ဖွင့်လှစ်သည့် ခုနှစ်ပါရှိကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုး သားကြောင်း သိရသည်။
သတင်းစဉ်