ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်

 

ပွင့်ဖြူ    ဒီဇင်ဘာ   ၇


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် အခြေခံအိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆)နှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှု ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်ကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးများ   ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့်   ကျေးရွာများတွင်   နေထိုင်သည့်  အခြေခံ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) နှင့် မြေပြင်တွင် အမှန် တကယ်နေထိုင်မှု ရှိ မရှိ တိုက်ဆိုင်စစ်ဆေးခြင်း ၊ အိမ်ထောင်လူဦးရေ စာရင်းတွင် သေဆုံးစာရင်းများ ပယ်ဖျက်ခြင်း ၊ လူပုဂ္ဂိုလ်အမည်စာရင်း ထပ်နေမှုများနှင့် မွေးဖွားသည့် ရက်/လ ထပ်နေသူများစာရင်း စိစစ်ခြင်း၊ မွေးသက္ကရာဇ်မပါသူများ/ မပြည့်စုံသူများ စိစစ်ခြင်း၊ နိုင်ငံသားကတ် ထပ်နေသူများအား စိစစ်ခြင်း၊ အသက်  ၁၈  နှစ်အထက်နှင့် ၁၈ နှစ် အောက် နိုင်ငံသားကတ်မရှိသူများအား စိစစ်ခြင်းတို့ကို ဆောင်ရွက် နေခြင်း ဖြစ်သည်။ 

 


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရန် ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခြင်း ကို သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေး  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်လဝကဦးစီးမှူး  ဦးညွန့်ဝင်းထူးထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)