
ဟိုပန် ဒီဇင်ဘာ ၃
ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဟိုပန်ခရိုင် ဦးစီးမှူး ဦးမျိုးညွန့် (ဒုတိယညွှန်ကြားရေးမှူး)ဦးဆောင်၍ မြို့နယ် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများသည် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် နမ့်တစ်မြို့တွင် နိုဝင်ဘာ ၂၂ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ယနေ့နံနက် ပိုင်းက နမ့်တစ်မြို့ မြို့နယ်ခန်းမတွင် ခရိုင်ဦးစီး မှူး ဦးမျိုးညွန့်၊ ငါးဦးကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နမ့်တစ်မြို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆောင်ရွက်ပြီးသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဒေသခံပြည်သူများအား ပေးအပ်သည်။
နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ နမ့်တစ်မြို့ပေါ်ရပ်ကွက် ငါးခုမှ ဒေသခံ “ဝ”၊ လားဟူ၊ ကိုးကန့်၊ ရှမ်း ၊ မြောင်ဇီး လူမျိုးများကို အိမ်ထောင်စု ၆၈၈ ခု၊ နိုင်ငံသားစိစစ်ရေး ကတ် အမျိုးသား ၄၄၄ ဦး၊ အမျိုးသမီး ၄၅၄ ဦး စုစုပေါင်း ၈၉၈ ဦးတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ကျန်ရှိသည့် ကျေးရွာများ သို့လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)