
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှုစောင့်ကြည့် တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁) တွင် ရွာသွန်းသော မိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်း မှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်း များကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မိုးရေများ၏ pH တန်ဖိုးများကို တိုင်းတာသည့် စခန်း ၄၁ ခုအနက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း တောင်ကြီး၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ ပြင်ဦးလွင်၊ ရန်ကုန်(ကမ္ဘာအေး)၊ မှော်ဘီ၊ လွိုင်ကော်၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ မော်လမြိုင်၊ ရေး၊ ဘီးလင်း၊ ဘားအံ၊ ကော့ကရိတ်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း စခန်းတို့တွင် မိုးရွာသွန်းခဲ့ပါသည်။ မိုးရေနမူနာရရှိခဲ့သည့် အထက် ဖော်ပြပါစခန်း ၂၃ စခန်းအနက် ၁၉ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (6.5 – 8.5) အတွင်းတွင်ရှိပြီး မှော်ဘီ၊ ပဲခူး၊ မအူပင်နှင့် မြိတ် စခန်း များတွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် (5.6– 6.4) အတွင်းတွင်ရှိပါသဖြင့် ပုံမှန်မိုးရေအဆင့်တွင် ရှိပါသည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ် ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့် ၂၃ စခန်း၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ် ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း သုံးသပ်ရပါသည်။
(ပုံ-၂)