
ဆောင်းဝတီ
မသန်စွမ်းသူများဆိုသည်မှာ မျက်စိမမြင်သူ၊ နားမကြားသူ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူ၊ စိတ်ကျန်းမာရေးချို့တဲ့သူနှင့် ဉာဏ်ရည်နိမ့်ကျသူများ ပါဝင်နေပါသည်။ မသန်စွမ်းသူတစ်ယောက်ဖြစ်နေပါက ဝင်ငွေမရှာနိုင်ခြင်း၊ မိသားစု(သို့မဟုတ်) ပတ်ဝန်းကျင်ပေါ်တွင် မှီခိုရခြင်း၊ မိမိကိုယ်တိုင် စိတ်ဓာတ်ကျခြင်း၊ သက်တမ်းစေ့ မနေရခြင်းစသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ မသန်စွမ်းဖြစ်ရသည့် အကြောင်းရင်းများထဲတွင် မွေးရာပါ မသန်စွမ်းသူများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ကြရခြင်းများလည်း ရှိပါသည်။ မသန်စွမ်းသူများသည် ကျန်းမာရေးမကောင်းသူများမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်ပြီး သာမန်လူများကဲ့သို့ ပြုမူလှုပ်ရှားမှု၌ ချို့ယွင်းမှုရှိသူများသာ ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် မသန်စွမ်းသူများ၏ အရေးကို နိုင်ငံတိုင်းက ကြိုးစားကူညီလျက် ရှိပါသည်။ ယခင်က ကမ္ဘာပေါ်တွင် မသန်စွမ်းသူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့် ရှိသည်ဟု ခန့်မှန်းကြပါသည်။ မြန်မာနိုင်ငံတွင်လည်း မသန်စွမ်းလူဦးရေမှာ ၂ ဒသမ ၃၂ သန်းခန့်ရှိသည်။ မသန်စွမ်းသူများကို ကူညီ စောင့်ရှောက်ရေးသည် ပရဟိတစိတ်ဓာတ်ရှိမှသာ စောင့်ရှောက်မှုပေးနိုင် လိမ့်မည်ဖြစ်သည်။ သို့မှသာ မသန်စွမ်းသူများသည် အခြားသူများကဲ့သို့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တို့တွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ မသန်စွမ်းသူများနှင့် အနီးကပ်နေထိုင်ကြ သော မိသားစုဝန်းကျင်သည် အရေးကြီးသကဲ့သို့ အစိုးရ၏ လူမှုဝန်ထမ်းဌာနများသည်လည်း အရေး ကြီးပါသည်။ ထို့ပြင် မသန်စွမ်းသူများကို ကူညီသော ဖောင်ဒေးရှင်းများသည်လည်း မရှိမဖြစ် လိုအပ် လျက် ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်
သတ်မှတ်ခြင်း
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်သည် အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့ဖြစ်ပါသည်။ ဖြစ်ပေါ် လာပုံမှာ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကုလ သမဂ္ဂအထွေထွေညီလာခံကြီးက ကုလသမဂ္ဂ မသန် စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန် စွမ်းသူများအား ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူ ရပိုင်ခွင့်ရရှိမှုတို့ တိုးမြှင့်နိုင်ရန်အတွက် ကမ္ဘာ့ ပထမဆုံးသော မသန်စွမ်းရပိုင်ခွင့်ကို အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာ ချမှတ်နိုင်ခဲ့ပါသည်။ ထိုနည်းဗျူဟာချမှတ်ခဲ့သောနေ့ကို အထူးပြုသော အားဖြင့် ၁၉၉၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်သော (၄၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) အရ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်းတွင် ၁၉၉၂ ခုနှစ်မှစ၍ အပြည် ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ၁၉၉၄ ခုနှစ်မှ စ၍ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ကျင်းပရသည့် ရည်ရွယ်ချက်များမှာ မြန်မာ့လူဘောင်အဖွဲ့အစည်း အတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေး ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူ ညီမျှ အခွင့်အရေးရရှိရေးကြိုးပမ်းဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည် တို့ကို အလေးဂရုပြုတတ်စေရန်တို့ဖြစ်သည်။ အထူး သဖြင့် ပိုမိုကောင်းမွန်သည့်ကမ္ဘာ တည်ဆောက်ရာ တွင် မသန်စွမ်းသူများသည် တစ်တပ်တစ်အား ပါဝင်ပြီး ရေရှည်တည်တံ့ရေး စုပေါင်းအကောင် အထည်ဖော်နိုင်စေရေးအတွက်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော် သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ နိုင်ငံ့ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း (၂ ဒသမ ၃ သန်း) ကျော်သည် မသန်စွမ်းသူများဖြစ်ကြောင်း သိရ သည်။
ကမ္ဘာအနှံ့တည်ရှိနေထိုင်ကြသော မသန်စွမ်းသူ များအရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ် ဖြစ်လာပြီဖြစ်သောကြောင့် မသန်စွမ်းသူများအား“ကမ္ဘာ့အကြီးမားဆုံး လူနည်းစုအုပ်စု” အဖြစ် သတ်မှတ်လာကြပါသည်။ မသန်စွမ်းသူများသည် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုခံရနေပြီး အမျိုးမျိုး သော ဆင်းရဲဒုက္ခများ ခံစားနေရကာ အခွင့်အရေး များ ဆုံးရှုံးလျက်ရှိပါသည်။ မသန်စွမ်းသူများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင် ကြသဖြင့် ဘူးလေးရာဖရုံဆင့်ဆိုသကဲ့သို့ အားနည်း သူများအဖြစ် ခံစားနေကြရသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးသဘောတူစာချုပ်
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက မသန် စွမ်းသူများကိုယ်တိုင် အခွင့်အရေးများ ခံစားရရှိ ရေး၊ မွေးရာပါဂုဏ်သိက္ခာများကို လေးစားတန်ဖိုး ထားခံရရေးနှင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အခဲ အတားအဆီးများရှိနေကြောင်းကို အသိ အမှတ်ပြု၍ ခွဲခြားဆက်ဆံခံရမှုများ ပပျောက်ပြီး တန်းတူညီမျှ အခွင့်အရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ကုလသမဂ္ဂသည် မသန်စွမ်း သူများအပေါ်ထားရှိသည့် စိတ်သဘောထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် မသန်စွမ်းသူများ၏အခွင့်အရေး သဘောတူစာချုပ် ကို ထုတ်ပြန်ခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးက လက်မှတ် ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး ဝင်ရောက်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီးနောက် မသန်စွမ်းသူများ အခွင့်အရေး တန်းတူ တူညီရရှိ ရေးအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ (ခ)အရ “နိုင်ငံတော်သည် မသန်စွမ်းသူများ အား ကြည့်ရှုစောင့်ရှောက်ရမည်”ဟူသော ပြဋ္ဌာန်း ချက်နှင့်အညီ ထိရောက်စွာ ကူညီစောင့်ရှောက် နိုင်ရေးအတွက် “မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ”ကို ၂၀၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ပြဋ္ဌာန်းလိုက် ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့် အရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ မသန်စွမ်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍကို မြှင့်တင်ပေးလျက် ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံ SURADAKA (Solo)မြို့၌ ကျင်းပခဲ့ သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာ မသန်စွမ်းအားကစား သမား ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ် ၄၃ ခု ရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့်ခြောက်နေရာရရှိခဲ့သည်။ အားကစားသည် ကိုယ်အင်္ဂါကျန်းမာကြံ့ခိုင်ရေးကို အဓိကရည်ရွယ် သော်လည်း အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသဖြင့် အားကစားမြင့်မားရေးသည် အမျိုးသားရေးတာဝန် တစ်ရပ် ဖြစ်ပါသည်။
မသန်စွမ်းသူများအတွက် အခွင့်အရေး
မသန်စွမ်းသူများသည် ဂုဏ်သိက္ခာရှိစွာ၊ အမှီ အခိုကင်းစွာ ဘဝရပ်တည် နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရရှိရေး၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့ သည် အရေးကြီးပါသည်။ နိုင်ငံတော်အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ ကြိုးစားမှု စွမ်းအားများကြောင့် မသန်စွမ်းသူများ၏ လှုပ်ရှားမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက် မှုများ ရှိလာခဲ့ပါသည်။ မသန်စွမ်းသူများ၏ အနုပညာတစ်စိတ်တစ်ပိုင်းကို ဖော်ထုတ်ခွင့်ရရှိ သော မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များတွင် အတီးပြိုင်ပွဲ၌ ပံ့ပိုးကူညီတီးခတ်ပေးခြင်း များကို ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ပန်းချီ၊ ဓာတ်ပုံပြပွဲ ပြိုင်ပွဲများ၊ ပိုးဇာပုံနှိပ်၊ ကြိမ်ထိုး၊ ဆံသ၊ ကွန်ပျူတာ၊ အနှိပ်ပညာ စသည်ဖြင့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း ပါဝင် ဆောင်ရွက်နေပြီဖြစ်သည်။
မသန်စွမ်းသူများအတွက် မျက်မမြင်သုံး အီးမေးလ်၊ အင်တာနက်များ၊ နားမကြားကလေးများ အတွက် မြန်မာလက်သင်္ကေတပြ အခြေခံ စကားပြောစာအုပ်များ ထွက်ရှိလာခဲ့သည်။ ဉာဏ်ရည်နိမ့်ကလေးများအတွက် အဆင့်မြင့် နည်းပညာများ ပေါ်ထွက်လျက်ရှိပြီး စောင့်ရှောက် ရေးဂေဟာများ ကောင်းမွန်စွာ ပေါ်ထွက်လာခဲ့သည်။ နှစ်စဉ် ပညာတတ်ဘွဲ့ရထူးချွန်သော ကျောင်းသား ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
နိုင်ငံတော်က မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ချမှတ်ထားရှိခဲ့ပါသည်။ အမျိုးသား ကော်မတီ၏လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင် ဖွဲ့စည်းရေးလုပ်ငန်းများ၊ မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အရင်းမပျောက် မတည်ငွေကျပ် သုံးဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီး မသန် စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများအား ထိထိ ရောက်ရောက် ပံ့ပိုးပေးနိုင်ရေးတို့ကို ဆောင်ရွက် လျက်ရှိပါသည်။
သန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေလေးခုဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တို့တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းဖြင့် မသန် စွမ်းမှုအဆင့်အလိုက် လိုအပ်သော ပံ့ပိုးမှုများကို သိရှိပံ့ပိုးနိုင်မည်ဖြစ်သည်။ ထို့ပြင် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မသန်စွမ်းသူများအပေါ် ကူညီ ထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည်ဖြစ်ရာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေရေး အတွက် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများအား အလွန်အကျိုးရှိစေပါ သည်။
မသန်စွမ်းသူများ၏ဦးရေ ၈၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များဖြစ်ကြပြီး အလုပ်လုပ်ရန် ဆန္ဒရှိ၊ စွမ်းဆောင်ရည်လည်းရှိသော်လည်း အလုပ်ရှင် အများစုက ငြင်းပယ်သဖြင့် အလုပ်လုပ်ရန် အလွန်ခက်ခဲသူများအဖြစ် လေ့လာသိရှိရသည်။ မသန်စွမ်း ကလေးသူငယ်များ၏အခြေအနေမှာ သုံးဦးလျှင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ကြဘဲ ၃၆ ရာခိုင်နှုန်းသာ စာရေးစာဖတ်တတ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ ၂ ဒသမ ၃ သန်းသော မသန်စွမ်းသူများနှင့် ၎င်းတို့၏ မိသားစုဝင် ခုနစ်သန်းခန့်တို့သည် ဆင်းရဲမှုသံသရာမှ ရုန်းထွက်နိုင်ရေးအတွက် ကုလသမဂ္ဂက ချမှတ် ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ် (၂၀၁၆-၂၀၃၀)အောင်မြင်ရေးသည် အရေးကြီး သကဲ့သို့ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရန် လိုအပ်ပါသည်။
မသန်စွမ်းသူများသည် မျက်စိမမြင်သော် လည်း မိမိတို့စွမ်းရည်ကို ပြသနိုင်သူများဖြစ်သည်။ နားမကြားသော်လည်း မိမိတို့စွမ်းရည်ကို ပြသ နိုင်သူများဖြစ်ပါသည်။ ကိုယ်လက်အင်္ဂါချို့တဲ့ သော်လည်း သာမန်လူများကဲ့သို့ စွမ်းရည်ရှိသူများ စွမ်းဆောင်နိုင်သူများ ဖြစ်လေသည်။ သို့ဖြစ်၍ မသန်စွမ်းသူများအား လူအများက လျစ်လျူရှု၍ မနေသင့်ဘဲ မိမိတို့စွမ်းသမျှ ကူညီရန် လိုအပ် သည်။ သို့မှသာ မသန်စွမ်းသူများ၏ စွမ်းဆောင် ရည်မြင့်မားမှုသည် တိုင်းပြည်အတွက် အကျိုးရှိ သော အခန်းကဏ္ဍမှ ခိုင်မာစွာရပ်တည်နိုင်ပေလိမ့် မည်ဖြစ်သည်။ ။
ကျမ်းကိုး
- မြန်မာ့အလင်းသတင်းစာ
- MWD Webprotal
- မြကျွန်းညို
- Log in to post comments