ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်သဖြင့် ၂၀၂၃ ခရီးသွားရာသီအဖွင့်ကောင်းမွန်ရန် မျှော်မှန်းထား

 

ရန်ကုန်    နိုဝင်ဘာ   ၂၆
၂၀၂၂  ခုနှစ်အတွင်း   ရက်ကြီးအခါကြီးတို့တွင် ပြည်တွင်းခရီးသွားများ ပြန်လည်စည်ကားမှု ဖြင့် ခရီးသွားလုပ်ငန်းများ   ပြန်လည်စတင် နိုင်ခဲ့ပြီး  ပြည်ပခရီးသွားလုပ်ငန်းအချို့လည်း ပြန်လည်အစပျိုးနိုင်ခဲ့ရာ ခရီးသွားလုပ်ငန်း များအနေဖြင့် ၂၀၂၃ ခုနှစ်၏ ခရီးသွားရာသီ အဖွင့်သည် ကောင်းမွန်နေမည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။ 
အရှိန်ရစပြုနေသော ခရီးသွားလုပ်ငန်းကို နှစ်ကူးကာလမှစ၍ အရှိန်မြှင့်တင်ဆောင်ရွက် နိုင်ရန်   သက်ဆိုင်ရာခရီးသွား ဝင်ရောက်ရာ ဒေသတို့ရှိ   ခရီးသွားကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပြီး နှစ်သစ်ကူး ကာလမှစ၍ သင်္ကြန်ကာလအထိ ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်တတ်မှုကြောင့်  မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရန် မြန်မာခရီးသွားလုပ်ငန်းရှင်များက    မျှော်မှန်း ထားလျက်   ရှိသည်။     ပွင့်လင်းရာသီအစ နိုဝင်ဘာလတွင် နိုင်ငံခြားခရီးသွားအချို့ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အထင်ကရနေရာ များဖြစ်သော   ရန်ကုန်၊  မန္တလေး၊  ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ပြင်ဦးလွင်၊ မြိတ်ကျွန်းစုများနှင့် ပင်လယ်ကမ်းခြေအပန်း ဖြေ စခန်းများသို့ ခရီးသွားများလည်ပတ်လျက် ရှိကာ ယခင်ကကဲ့သို့ ရက်ရှည်ခရီးသွားလာမှု ထက်   ရက်တိုခရီးသွားမှု    ပိုမိုတွင်ကျယ် လာလျက်ရှိသည်။ 
၂၀၂၃ ခုနှစ်၏ နှစ်ဦးခရီးသွားရာသီအဖွင့် ကောင်းမွန်နိုင်မှုနှင့် စပ်လျဉ်း၍   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ     အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က    “၂၀၂၂ ခုနှစ်မှာ ပြည်တွင်း/ပြည်ပခရီးသွား    အစလေးတွေ ကောင်းခဲ့တယ်။ ပြည်တွင်းခရီးသွားဆိုရင် ဒီနှစ်မှာ သိန်းနဲ့ချီပြီး ခရီးသွားပြန်လည်စတင် ခဲ့တယ်ဆိုတော့ ခရီးသွားကဏ္ဍအဖွင့်ကောင်းခဲ့ တယ်လို့ ပြောလို့ရပါတယ်။ခရီးသွားကဏ္ဍကို အရှိန်အဟုန်မြှင့်ပြီး  တိုးတက်သွားဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုတွေ  လုပ်ဆောင်ခြင်းအား ဖြင့် ၂၀၂၃ ခုနှစ်   ခရီးသွားရာသီဟာ    ပိုပြီး ကောင်းမွန်လာမယ်လို့     မှန်းလို့ရတယ်။ နှစ်သစ်ကူးကာလ ကစပြီး   ခရီးသွားလုပ်ငန်းကို   အရှိန်အဟုန် မြှင့်တင်ရမှာဖြစ်တဲ့အတွက် ဒီအချိန်မှာ   ခရီးသွားပရိုမိုးရှင်းကိစ္စတွေကို    အလေးထားပြီး ဆောင်ရွက်ဖို့   လိုပါတယ်။    ပြည်ပခရီးသွား   ပြန်လည်ဝင်ရောက်ဖို့ရှိတဲ့ အတွက်     ဒီနှစ်မှာ    ခရီးသွားလုပ်ငန်းကို  အောင်အောင်မြင်မြင်နဲ့     စီစဉ်ထားနိုင်မယ် ဆိုရင် ၂၀၂၃ ခုနှစ် ခရီးသွားရာသီ အဖွင့်ကောင်း လိမ့်မယ်လို့  မျှော်မှန်းထားကြတယ်” ဟု ပြော သည်။ 
မြန်မာ့ခရီးသွားကဏ္ဍနည်းတူ   ဥရောပ နှင့် အာရှနိုင်ငံများလည်း   နှစ်သစ်ကူးချိန်နှင့် နှစ်ဆန်းပိုင်းခရီးသွားရာသီကို    မျှော်မှန်း၍ အပြိုင်အဆိုင်      ခရီးသွားလုပ်ငန်းများဖြင့် ဆွဲဆောင်လျက်ရှိပြီး ပုံမှန်အားဖြင့် အနောက် တိုင်း   ခရီးသွားဝန်ဆောင်မှုဈေးကွက်သည် ဒီဇင်ဘာ ခရစ္စမတ်ကာလတွင် ကျဆင်းတတ်မှု ကြောင့် ပြည်တွင်းခရီးသွားကဏ္ဍ  များပြား လေ့ရှိကာ      ပြည်တွင်းလေကြောင်းလိုင်း   ဝန်ဆောင်မှုဈေးနှုန်းများ  မြင့်တက်လေ့ရှိပြီး   နှစ်သစ်ကူးပြီးဆုံးချိန်တွင် ပြည်ပခရီးသွားလာ မှု ပြန်လည်စည်ကားလေ့ရှိသည်။ ကမ္ဘာ့နိုင်ငံ များအနေဖြင့် နှစ်ဆန်းပိုင်းမှစ၍ ပြည်ပခရီးသွား များ တစ်ဖွဲဖွဲပြန်လည်ဝင်ရောက်နိုင်ရန် ခရီးသွား ဝန်ဆောင်မှုတွင် အပြိုင်အဆိုင်ဆွဲဆောင်ကြ ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဒီဇင်ဘာလတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများစည်ကားလေ့ရှိပြီး ဘုရားဖူး ခရီးစဉ်၊ အလည် အပတ်ခရီးစဉ်နှင့် အပန်းဖြေ ခရီးစဉ်တို့ဖြင့်   ဆောင်းရာသီတွင်    ခရီးသွား များလေ့ရှိရာ   တစ်ဆက်တည်းအဖြစ်   ဧပြီလ သင်္ကြန် ကာလအထိ လည်ပတ်ကြလေ့ရှိသည်။ ပြည်ပခရီးသွားဝင်ရောက်မှုအနေဖြင့် ဇန်နဝါရီ လ   ဒုတိယပတ်မှစ၍    တစ်ဖွဲဖွဲပြန်လည် ဝင်ရောက်ပြီး သင်္ကြန်ကာလအထိ နိုင်ငံခြား ခရီးသွားများဖြင့် စည်ကားလေ့ရှိသည်။ ၂၀၂၂ ခုနှစ်တွင် ပြည်တွင်း၌ အောက်တိုဘာလနှင့် နိုဝင်ဘာလသည်    ရုံးပိတ်ရက်ရှည်တို့ဖြင့် ခရီးသွားလာမှု       အများဆုံးလများအဖြစ် ပြည်တွင်းခရီးသွားကဏ္ဍ    တိုးတက်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ    အရှိန်ရလာသော ပြည်တွင်း/ပြည်ပ   ခရီးသွားမှုသည်   ခရီးသွား လုပ်ငန်းပြန်လည်စတင်နိုင်ခဲ့မှု၏ အကျိုးဆက် အဖြစ် ၂၀၂၃ ခုနှစ်၏   ခရီးသွားရာသီ   အဖွင့် ကောင်းမွန်မည်ဟု မျှော်မှန်းထားကြခြင်းဖြစ် သည်။ ဓာတ်ပုံ - ကနူး၊ ညိမ်းသူ (သတင်းစဉ်)