ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်အနေဖြင့် ဆန်တန်ချိန် ၁၀၅၆၅ တန် တင်ပို့နိုင်ခဲ့

 

ရန်ကုန်   နိုဝင်ဘာ   ၂၆


မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  G to G သဘောတူညီမှုအရ ဆန် တန်ချိန် နှစ်သိန်း တင်ပို့ရန် ဆောင်ရွက်လျက်ရှိရာ အချို့သော ဆန်များ ကို  ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့ စက်မှုမြို့တော်ဆိပ်ကမ်းမှ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်တင်ပို့ခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှစတင်၍ နိုဝင်ဘာ ၂၂ ရက်အထိ ဆန်တန်ချိန် ၁၀၅၆၅ တန်ကို ပထမအသုတ် အဖြစ် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 


ပုသိမ်မြို့ စက်မှုမြို့တော်ဆိပ်ကမ်း ( International Industrial Port AIIP )မှ နိုဝင်ဘာ ၂ ရက်တွင် ဧရာဟင်္သာကုမ္ပဏီမှ MV MCL-7 သင်္ဘောဖြင့် ဆန်တန်ချိန် ၂၆၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တိုက်ရိုက် စတင်တင်ပို့ခဲ့ပြီး   နိုဝင်ဘာ ၇ ရက်တွင် MV MCL-21  သင်္ဘောဖြင့် ဆန်တန်ချိန် ၂၆၁၅ တန်ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် MV MCL-12 သင်္ဘောဖြင့်   ဆန်တန်ချိန် ၂၆၅၀ ကိုလည်းကောင်း၊  နိုဝင်ဘာ ၂၂ ရက်တွင် MV MCL-18 သင်္ဘောဖြင့်  ဆန်တန်ချိန် ၂၆၅၀ကိုလည်း ကောင်း တင်ပို့ခဲ့ရာ ဆန်တန်ချိန်စုစုပေါင်း ၁၀၅၆၅ တန်ကို တင်ပို့ခဲ့ပြီး ဖြစ်သည်။   ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ   ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်များတင်ပို့ရာတွင်  ဧည့်မထဆန် ၅ မတ်၊ 50 kg အလေးချိန်ရှိ ဆန်အိတ်ပေါင်း ၂၁၁၃၀၀ ကို  တင်ပို့ခဲ့ခြင်းဖြစ်ပြီး  ဒုတိယအသုတ်အနေ ဖြင့် ဆက်လက်တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 


ပြည်ပသို့ဆန်တိုက်ရိုက်တင်ပို့နိုင်မှုဖြင့်  နိုင်ငံတော်၊ တောင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များ  အကျိုးဖြစ်ထွန်းမှုနှင့်စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက   “ပထမတစ်ဖြတ်ကို  တန်ချိန် နှစ်သောင်း၊ ဒုတိယ တစ်ဖြတ်ကို တန်ချိန်လေးသောင်းနဲ့ စုစုပေါင်းတန်ချိန်ခြောက်သောင်း တင်ပို့ဖို့နဲ့ စဉ်ဆက်မပြတ်တင်ပို့နိုင်အောင် တက်ညီလက်ညီ ဆောင်ရွက် ဖို့ လမ်းညွှန်ထားတာရှိပါတယ်။  ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တိုက်ရိုက်တင်ပို့တဲ့အတွက် တိုင်းဒေသကြီး ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုအထောက်အပံ့ဖြစ်စေပြီး တောင်သူတွေရဲ့စီးပွား  ရေး အခွင့်အလမ်းတွေကိုလည်း   ပိုမိုပွင့်လန်းစေတဲ့အပြင်  နိုင်ငံတော် အနေနဲ့လည်း     စက်သုံးဆီချွေတာနိုင်မှုကို   ရရှိစေပါတယ်။   နိုဝင်ဘာ ၂၂ ရက်မှာ လေးကြိမ်မြောက် သင်္ဘောနဲ့ဆန်တန်ချိန် စုစုပေါင်း ၁၀၅၆၅ တန် တင်ပို့ပြီးပါပြီ။ ဌာနအနေနဲ့  ပြည်ပကိုဆန်တင်ပို့ရာမှာ လုပ်ငန်း မြန်ဆန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေပြီး ကြိတ်ခွဲပြီးဆန် အသင့် ရှိတဲ့အချိန် နှစ်ပတ်ကျော်သုံးပတ်ဆိုရင် ဒုတိယအသုတ် ဆန်တင်ပို့ဖို့ အတွက် သင်္ဘောဆိုက်ကပ်ဖို့ရှိနေတယ်”ဟု ပြောသည်။  

 

  
ပြည်ပသို့တင်ပို့သောဆန်များ  အရည်အသွေးပြည့်မီစေရန်နှင့် မြန်ဆန်စွာတင်ပို့နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပို့ကုန်ကုမ္ပဏီများ  ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့   ပုသိမ်စက်မှု မြို့ တော်ဆိပ်ကမ်းမှ ဒီဇင်ဘာလဒုတိယပတ်တွင် ပို့ကုန် ဒုတိယအသုတ် အဖြစ်     ပထမဆုံးသင်္ဘောဝင်ရောက်မည်ဖြစ်ပြီး    အရည်အသွေး ကောင်းမွန်သောဆန်များကို ဆက်လက်တင်ပို့နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဆန်စက်များ၌ ဆန်များကို ကြိတ်ခွဲလျက်ရှိကြောင်း သိရသည်။      

 

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ -ကနူး