
မိုင်းရှူး နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ ဟိုက်ပါရေတံခွန်သို့ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှ ခရီးသွားများ နေ့စဉ်လာရောက်အပန်းဖြေ လျက်ရှိကာ ပြီးခဲ့သည့်နှစ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြောင့့် အပန်းဖြေသူ အနည်းငယ်လျော့နည်းသွား ခဲ့သော်လည်း ယခုနှစ်ပိုင်းအတွင်းတွင် လာရောက် အပန်းဖြေသူ တဖြည်းဖြည်း ပြန်လည်များပြားလာ ကြောင်း သိရသည်။
အပန်းဖြေသူပြန်လည်များပြားလာ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါရေတံခွန်တွင် နှစ်စဉ်နှစ်တိုင်း ခရီးသွားများ လာရောက်အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိရာ ပြီးခဲ့သည့် နှစ်နှစ်ကျော် သုံးနှစ် ခန့်က ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါအခြေအနေ ကြောင့် ဟိုက်ပါရေတံခွန်ကို လာရောက်အပန်းဖြေသူ မရှိသလို စက်လှေများလည်း ရပ်နားခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနည်းငယ် လျော့နည်းသွားသည့်အတွက် ဟိုက်ပါရေတံခွန်ကို လာရောက်အပန်းဖြေသူ တဖြည်းဖြည်းပြန်လည် များပြားလာသည်။
“ဝါတွင်းသုံးလနှင့် မိုးရာသီအချိန်ဆိုရင် ရေတံခွန် က ရေတွေနောက်ကျိသွားသလို အဲ့အချိန်ဆိုရင် အပန်းဖြေသူတွေကလည်း မလာကြဘူး။ သူတို့မလာ ရင် စက်လှေလည်း ရပ်နားထားကြပြီး အိမ်အလုပ်ပဲ လုပ်ရတာပေါ့။ အဓိကတော့ မိုးတွင်းပါပဲ ကျန်တဲ့ ရာသီတွေဆိုရင် ပြောသလောက် အခက်အခဲမရှိ ပါဘူး။ အခုလိုပွင့်လင်းရာသီဆိုရင် အပန်းဖြေသူပိုပြီး များလာမှာဖြစ်တဲ့အတွက် ရှေ့လျှောက်ပြီး စက်လှေ ပြေးဆွဲသူတွေ အဆင်ပြေကြမယ်လို့ ထင်ပါတယ်”ဟု စက်လှေသမားက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် အတွင်းရှိ ဟိုက်ပါရေတံခွန်သည် နာမည်ကြီးရေတံခွန် တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် သင်္ကြန်ကာလနှင့်သင်္ကြန် မကျ ခင် ကာလ၊ နွေရာသီကျောင်းပိတ်ရက်ကာလများ တွင် ပို၍လူစည်ကားမှုရှိပြီး ဝါတွင်းသုံးလမိုးရာသီ ကာလတွင် ရေတံခွန်၌ ရေနောက်ကျိနေပြီး အန္တရယ် ရှိသောကြောင့် လာရောက်လည်ပတ်သူ နည်းပါး လျက်ရှိသည်။
ဟိုက်ပါရေတံခွန်ကို လာရောက်အပန်းဖြေပါက တည်းခိုရန် ကမ်းခြေအနီးတွင် တည်းခိုခန်းများနှင့် ကျွန်းများတွင်လည်း တည်းခိုခန်းများရှိသည်။ကျွန်းရှိ တည်းခိုခန်းများတွင် အိပ်စက်အနားယူသူများကို တည်းခိုခန်းများမှ စက်လှေများဖြင့် “အခမဲ့” ကြိုပို့ ပေးပြီး ရေတံခွန်အပါအဝင်ကျွန်းများ လှည့်ပတ် လှည့်လည်ကြည့်ရှုလေ့လာရန်အတွက် စက်လှေ စင်းလုံးပြတ်ငှားရန်းခ တစ်စင်းလျှင် သုံးသောင်းကျပ် ကို စက်လှေမောင်းသူထံပေးရကြောင်း၊ ဟိုက်ပါ ရေတံခွန်တွင် မွန်းလိုက်တည်းခိုခန်း (Moon Light)အပါအဝင် တည်ခိုးခန်းစုစုပေါင်း ငါးလုံးထက်မနည်း ရှိကြောင်း သိရသည်။
စိတ်ချမ်းသာမှု အပြည့်အဝရရှိ
ဟိုက်ပါရေတံခွန်ရှိ တည်းခိုခန်းများတွင် ရေ၊ မီး အစုံပါပြီး လုံးခြင်းအဆောက်အအုံများစွာ တည်ဆောက်ပေးထားဖြစ်ပြီး အဆောက်အအုံ တစ်လုံးလျှင် လူတစ်ဦးမှ သုံးဦးအထိ အနားယူနိုင်ကာ ကမ်းခြေအနီးရှိနေရာများတွင် ရွက်ဖျင်တဲများဖြင့် လည်း ခေတ္တခဏအနားယူခဲ့ကြသည့် ခရီးသွားများ လည်းရှိကြောင်း၊ ဟိုက်ပါရေတံခွန်သို့ လာရောက် အပန်းဖြေခရီးသွားပြည်သူများအနေဖြင့် စားသောက် စရာများကို မိမိတို့ကိုယ်တိုင် ယူဆောင်လာပြီး ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်နိုင်ကာ တည်းခို ခန်းများကလည်း စီစဉ် ဆောင်ရွက်ပေးသည့်အတွက် အပန်းဖြေသူများ စိတ်ချမ်းသာမှုအပြည့်အဝ ရရှိကြောင်း သိရသည်။
သန့်ဇင်(မြန်မာ့အလင်း)