
မေတ္တာမိုးနှင်း (ပဲခူး)
ပုဂံခေတ်ကျောက်စာများတွင် နတ်တော်လကို “နတ္တာဝ်၊ နတ်တာဝ်” စသည်ဖြင့် အမျိုးမျိုးရေးထိုးခဲ့ကြပေသည်။ ထိုလကို ဗေဒင်အခေါ်အားဖြင့် “ဓနု” ရာသီဟု ခေါ်သည်။ “ဓနု” ဟူသော ပါဠိပုဒ်ကား “လေး” ဟု အဓိပ္ပာယ်ရ၏။ ရာသီရုပ်မှာ လေးဆွဲသော ယောကျ်ားသဏ္ဌာန်ဖြစ်သည်။ နတ်တော်လ၏နက္ခတ်မှာ“မိဂသီ” နက္ခတ်ဖြစ်ပြီး ရာသီပန်းသည် ဂမုန်းပန်းနှင့် သဇင်ပန်းတို့ဖြစ်သည်။ တော်ဝင်သဇင်ပန်းများဖူးပွင့်ကြသည့် နတ်တော်လရာသီတွင် ရှေးမြန်မာဘုရင်များသည် မဟာဂီရိနတ်ပွဲ၊ မဟာပိန္နဲနတ်ပွဲနှင့် ဆင်ဖမ်းပွဲများကို ကျင်းပလေ့ရှိကြသည်။ ထို့ကြောင့် “နတ်တော်ခါမှီ၊ ဓနုချီ၊ မိဂသီရောင်စုံဆန်း၊ သဇင်ဖူးအင်၊ ဂမုန်းအင်၊ သဘင်ဆင်တော်ဆန်း”ဟု ကင်းဝန်မင်းကြီးဦးကောင်းက နတ်တော်လသံပေါက်ကဗျာကို ရေးဖွဲ့ခဲ့ပါသည်။ ယခုခေတ်တွင် နတ်ပူဇော်ပွဲများအစား “စာဆိုတော် ပွဲ”များ ကျင်းပကြ၍ နတ်တော်လကို စာဆိုတော်လရာသီဟု ခေါ်လေသည်။ နတ်တော်လသည် နေ့တာတို၍ ညတာရှည်သောလဖြစ်သည်။
နတ်တော်လ၏ အဓိပ္ပာယ်မှာ အရှင်နတ်မင်း (နတ်တော်) များကို ပူဇော်ပသသောလဟု ဆိုလို သည်။ နတ်ပူဇော်ပွဲ ကျင်းပသောလဖြစ်သောကြောင့် မြန်မာမှုတွင် နတ်တော်လဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ပုဂံမင်းအဆက်ဆက်တို့ ပုပ္ပားတောင်သို့ တက်၍ မဟာဂီရိနတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိကြသည်။ အနော်ရထာမင်း နန်းတက်စဉ် နတ်ကိုးကွယ်မှုကို နှိမ်နင်းဖျက်သိမ်း၍ ဗုဒ္ဓဘာသာ ကို ကိုးကွယ်စေခြင်းဖြင့် စာပေဖြင့် ကျော်ကြားသော ရဟန်းရှင်လူ စာဆိုများကို ချီးမြှင့်ခြင်း၊ ပူဇော်ကန် တော့ခြင်းများ ပြုလုပ်ပြီး စာဆိုတော်ပွဲအဖြစ် ကျင်းပကြသည်။
စာရေးဆရာများအစည်းအရုံး
နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်သည်။ ယင်းစာဆိုတော်နေ့ကို ၁၃၀၆ ခုနှစ် ဂျပန်ခေတ်တွင် ပညာရေးဝန်ကြီး ဦးလှမင်း၊ ဒီးဒုတ်ဦးဘချို၊ သူကြီးဂေဇက် ဦးခင်မောင်၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးကောင်း၊သူရိယ ဦးသိမ်းမောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ဇဝန၊ မြို့မဆရာဟိန် စသော မြန်မာနိုင်ငံ စာရေးဆရာများ အသင်း အမှုဆောင်အဖွဲ့နှင့် စာပေဆိုင်ရာလူကြီး များ ညှိနှိုင်းသတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ စာဆိုတော်နေ့ကို စာရေးဆရာများအသင်း ဖွဲ့စည်း ပြီးနောက် လေးနှစ်မြောက်တွင်မှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ခရစ်နှစ် ၁၉၃၉ ခုနှစ် မတိုင်မီက စာရေး ဆရာများအသင်းဟူ၍ မရှိသေးဘဲ စာရေးဆရာ အချို့ ဖွဲ့စည်းထားသော“ကလောင်အဖွဲ့” တစ်ခုသာ ရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲလ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်လာသောအခါ စာရေးဆရာများက စုပေါင်း၍ ကျင်းပသော ဧည့်ခံပွဲနှင့် ဆရာကြီး ပီမိုးနင်း ကွယ်လွန်၍ ဈာပနကိစ္စတို့တွင် စာရေးဆရာများ စုစည်းမိကြရာမှ ဒီးဒုတ်ဦးဘချို ဦးဆောင်၍ စာရေး ဆရာများအသင်းကို ထူထောင်ကြသည်။ မူလက “မြန်မာနိုင်ငံ စာရေးဆရာများ အစည်းအရုံး” ဟု ခေါ်တွင်ခဲ့သည်။ ဂျပန်ခေတ်တွင် စာရေးဆရာများ အသင်းကို ပြန်လည်စုစည်းခဲ့ပြီးလျှင် “မြန်မာနိုင်ငံ စာရေးဆရာများအသင်း” ဟု မှည့်ခေါ်ခဲ့သည်။
စာဆိုတော်နေ့ဖြစ်ပေါ်လာပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ဌာနခွဲကို ကွမ်းခြံကုန်းမြို့၌ ဖွင့်လှစ်ထားခဲ့သည်။ ကွမ်းခြံကုန်းမြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်း၏ ဌာနခွဲသည် ၁၉၄၄ ခုနှစ် နှစ်ဦးပိုင်းတွင် စာဆိုဦးပုညကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ကျင်းပနိုင်ခဲ့ သည့်ပြင် မြန်မာနိုင်ငံအရပ်ရပ်တွင်လည်း ဦးပုညနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပရန် လှုံ့ဆော်ခဲ့လေ သည်။ ထိုအခါက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ပညာ့တံခွန်အသင်းနှင့်တကွ ထိုကာလ သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ဦးပုညနေ့ အထိမ်းအမှတ် ကျင်းပရေးကိစ္စကို အရေးယူဆောင်ရွက်သောအား ဖြင့် ၁၉၄၄ ခုနှစ် မေလ ၁၂ ရက်တွင် ပညာ၊ ကျန်းမာ၊ စည်ပင်သာယာဌာနဝန်ကြီး၏ ရုံးခန်း၌ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့သည်။
ထိုအစည်းအဝေးက ဦးပုညနေ့ဟူ၍ စာဆို တစ်ဦးတည်းကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့ အဖြစ် သတ်မှတ်ကျင်းပမည့်အစား စာဆိုတော် အားလုံးကို ဂုဏ်ပြုရည်ညွှန်းသော နေ့တစ်နေ့ သတ်မှတ်သင့်ကြောင်း စာဆိုတော်နေ့သတ်မှတ်ရေး ကိစ္စကို ဆွေးနွေးဆုံးဖြတ်ခဲ့သည်။ တစ်ဆက်တည်း ပင် မည်သည့်ကာလ အပိုင်းအခြားကို စာဆိုတော်နေ့ အဖြစ် သတ်မှတ်သင့်ကြောင်း ဆွေးနွေးကြရာ နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့ အဖြစ် သတ်မှတ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည်။ ထိုအခါမှစ၍ စာဆိုတော်နေ့ စတင်ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအစည်းအဝေးမှာပင် ထိုနှစ် ၁၃ဝ၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့မှ စ၍ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပရန်၊ ယင်းအထိမ်းအမှတ်ပွဲအဖြစ် စာပေဟောပြောပွဲများ ကျင်းပရန်၊ ရက်သတ္တတစ်ပတ်လုံး စာပေအကြောင်း အရာအမျိုးမျိုး အသံလွှင့်ရန် စသည်တို့ကို စဉ်းစား ဆွေးနွေးကြသည်။ ထိုကိစ္စများကို အသေးစိတ် ဆွေးနွေးရန် သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်သော နာယကအဖွဲ့နှင့် ဦးဖေမောင်တင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပေး ခဲ့လေသည်။
ပထမဆုံးအကြိမ် စာဆိုတော်နေ့
ပထမဆုံးအကြိမ် စာဆိုတော်နေ့အဖြစ် နတ်တော်လဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ကြီးစောင်းရှိ မြိုင်ပြဇာတ်ရုံ၌ သက်ရှိ စာဆိုတော်ကြီးများကို စာရေးဆရာများက လက်အုပ်ချီကန်တော့ခဲ့ကြပြီး ညနေပိုင်းတွင် ဗမာ့ခေတ်သတင်းစာတိုက်၌ မိတ်ဆုံလက်ဖက်ရည် ပွဲ တည်ခင်းသုံးဆောင်ကာ ညပိုင်းတွင် မြိုင်ပြဇာတ် ရုံ၌ ပဒေသာကပွဲ ကပြဖျော်ဖြေခဲ့သည်။ ထိုပထမဆုံး အကြိမ် စာဆိုတော်နေ့ အထိမ်းအမှတ် ပဒေသာကပွဲ တွင် ဦးပုည၏ ဝိဇယပြဇာတ်လာဇာတ်ဝင်ခန်း တစ်ခန်းသည်လည်း ကပွဲအစီအစဉ်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ထိုဇာတ်ဝင်ခန်းကို အခြေပြု၍ ၁၉၄၅ ခုနှစ် ဖေဖော်ရီလတွင် ဝိဇယပြဇာတ်ကို ဇာတ်ကြီး အဖြစ် ကပြခဲ့လေသည်။ ထိုစဉ်က ဝိဇယပြဇာတ် ကပြမှုသည် နိုင်ငံရေးအရ ဖက်ဆစ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည့်အလျောက် အောင်မြင်မှု ရခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင်မူ စာဆိုတော်နေ့ အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပခဲ့သည်။ ထိုနှစ် စာဆိုတော်နေ့တွင် ပညာရှိစာဆိုအမတ်ကြီး ဦးပေါ်ဦးကို ဂုဏ်ပြုသော အားဖြင့် ဦးပေါ်ဦးပြဇာတ် ကပြခဲ့သည်။ သက်ရှိ စာဆိုတော်ကြီးများကိုလည်း ကန်တော့ခဲ့ကြသည်။ ထိုနောက်နှစ်များတွင် စာဆိုတော်နေ့ အထိမ်း အမှတ်ပွဲများကို မြို့နယ်များ၌ပါ ကျင်းပလာခဲ့သည်။ မြို့နယ်များတွင် သတင်းထောက်များ၊ ကျောင်းဆရာ များနှင့် လူငယ်အဖွဲ့အစည်းများက ကြီးမှူးကျင်းပ လေ့ရှိရာ ယင်းအခမ်းအနားများတွင် စာပေပြိုင်ပွဲ များ၊ စကားရည်လုပွဲများ၊ ပဒေသာကပွဲများ ထည့်သွင်းကျင်းပခဲ့ကြသည်။
ရန်ကုန်မြို့၌ စာရေးဆရာအသင်းက ကြီးမှူး ၍ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နံနက်ပိုင်း တွင် သက်ရှိစာဆိုတော်ကြီးများကို ကန်တော့ခြင်း၊ စာရေးဆရာအသင်းဥက္ကဋ္ဌက စာပေဆိုင်ရာ မိန့်ခွန်း မြွက်ကြားခြင်းနှင့် ညပိုင်းတွင် စာပေဆိုင်ရာ ပြဇာတ် သို့မဟုတ် ပဒေသာကပွဲ ကပြခြင်းမှာ ၁၉၅၀ ပြည့်နှစ်အထိ ဖြစ်သည်။ ၁၉၅၀ ပြည့် ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပသော စာဆိုတော်နေ့ အခမ်းအနား ကို လူထုအခမ်းအနားကြီးတစ်ခုအသွင် စတင် ကျင်းပကာ စာဆိုတော်နေ့ကို ပြည်သူတစ်ရပ်လုံး၏ နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
စာဆိုတော်ပွဲ
ရှေးမြန်မာဘုရင်များလက်ထက်က နတ်တော်လ တွင် ဆင်ဖမ်းပွဲနှင့် ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ် ချီးမြှင့်သည့် ဘွဲ့နှင်းသဘင်ပွဲတို့ကိုလည်း ခမ်းခမ်း နားနား ကျင်းပပြုလုပ်လေ့ရှိကြသည်။ နတ်တော်လ တွင် ရာသီပွဲတော်အဖြစ် ထူးထူးခြားခြားပေါ်ထွက် လာသည့်ပွဲကား “စာဆိုတော်ပွဲ” ပင်ဖြစ်သည်။ စာဆိုတော်ဆိုသည်မှာ ဘုရင်ခေတ်က တွင်ကျယ်ခဲ့ သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်သည်။ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသား၊ ဘုရင့်သားတော်၊ သမီးတော်တို့ ဘုန်းတန်ခိုးကြီးပုံ၊ လက်ရုံးရည်၊ နှလုံးရည် ထူးချွန်ပုံတို့ကို ချီးကျူးဖွဲ့ဆိုသူများအား စာဆိုတော်ဟု ခေါ်ခဲ့ကြသည်။ ယခုခေတ်၌မူ စာဆိုတော်ဟူသော ဝေါဟာရသည် ပြည်သူ့ စာပေ လုပ်သား၊ စာရေးဆရာအားလုံးနှင့် သက်ဆိုင်သော ကြောင့် စာရေးဆရာများကို စာဆိုတော်ဟု ခေါ်ဆို ကြလေသည်။ ယခုအခါ နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့တွင် ထူးချွန်စာဆိုတော်များအား ဆုချီးမြှင့် ခြင်း၊ သက်ကြီးစာဆိုတော်များအား ဂါရဝပြုကန်တော့ ခြင်းများဖြင့် စာဆိုတော်ပွဲကို ကျင်းပကြသည်။
စာဆိုတော်နေ့မှသည် အမျိုးသားစာပေ
“စာပေမြင့်မှ လူမျိုးတင့်မည်” ဆိုသည့်အတိုင်း စာပေသည် လူသားတိုင်းအတွက် အရေးပါပေသည်။ စာပေဟူသည်ကား လူမျိုး၏ အသက်ပင်ဖြစ်သည်။ စာပေကွယ်ပျောက်လျှင် လူမျိုးလည်း ပျောက်ကွယ် သွားတတ်ပေသည်။ စာပေသည် နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းကိုလည်း ဖော်ညွှန်းပြသနိုင်သော အညွှန်းတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် သုတ၊ ရသ စာပေမှသည် အမျိုးသားစာပေတို့သည် နိုင်ငံတော် အတွက် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ပင် ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်လည်လေ့လာသုံးသပ်လျှင် အမျိုးသားစာပေ သည်လည်း အနှိုင်းမဲ့သော စွမ်းအားတည်ရှိနေပေ သည်။ “မြန်မာစာသည် ဒို့စာ၊ ဒို့စာကို ချစ်ပါ” ဟူသော စာပေလှုပ်ရှားမှုဖြင့် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့သည်။ အမျိုးသားစာပေသည် နိုင်ငံ့ဂုဏ်ရောင်ကို ထွန်းပြောင် စေခဲ့သော ဆီမီးတိုင်တစ်ခုပင်ဖြစ်ပေသည်။
စာပေတွင် သုတစာပေနှင့် ရသစာပေဟူ၍ နှစ်မျိုးရှိသည်။ သုတစာပေကိုဖတ်လျှင် နိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများ၊ စီးပွားရေးဆိုင်ရာ အချက်အလက်များ၊ ခေတ်မီ တိုးတက်လာသော ခေတ်အခြေအနေများကို စုံလင် စွာ သိရှိနိုင်သည်။ ရသစာပေကို ဖတ်ရှုလျှင် လူ့သဘာဝ၊ လူ့လောက၏ အဆိုးအကောင်း၊ အကျိုး အပြစ်တို့ကို သိမြင်နိုင်ပေလိမ့်မည်။ အမျိုးသားစာပေ ဟု ဆိုရာတွင် သုတ၊ ရသအားလုံးကို သိမြင်စေနိုင်သော စာပေပင်ဖြစ်သည်။ အမျိုးသားစာပေသည် မျိုးချစ် စိတ်ဓာတ်ရှင်သန်ခြင်း၊ အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရှိစေခြင်း၊ အကျင့်စာရိတ္တ ကောင်းမွန်စေခြင်း စသည့်ကောင်းကျိုးဟူသမျှကို ပေးစွမ်းနိုင်သော ဂုဏ်ရည်နှင့် ပြည့်ဝပေသည်။ ထို့ကြောင့်ပင် နိုင်ငံနှင့် လူမျိုးအတွက် စာပေတာဝန်ထမ်းဆောင်လျက်ရှိသော စာပေပညာရှင်များအား “စာဆိုတော်နေ့” အခမ်း အနားများ ကျင်းပ၍ ဂုဏ်ပြုကြခြင်းပင်ဖြစ်သည်။
အမျိုးသားစာပေ မြင့်မားရေး
အမျိုးသားစာပေ မြင့်မားရေးသည် နိုင်ငံသား တိုင်းတွင် တာဝန်ရှိသည်။ ခေတ်မီတိုးတက်လာသည် နှင့်အမျှ နည်းပညာနှင့်အပြိုင် အသက်မွေးဝမ်း ကျောင်း ပြုရသော ပညာခေတ်သို့ ရောက်ရှိလာခဲ့ ပေသည်။ ပညာခေတ်တွင် စာပေသည် လူသားတို့နှင့် ကင်းကွာ၍ မရတော့ပေ။ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာသော စာပေမှသည် မျက်မှောက်ခေတ် စာပေရေးရာများကို လိုအပ်သလို လေ့လာကြရတော့မည်။ ခေတ်စနစ်များ ပြောင်းလဲ လာသော်လည်း မပျောက်ပျက်အောင် ထိန်းသိမ်းရ မည့် ဓလေ့ထုံးစံများ၊ သမိုင်းအမွေအနှစ်များသည် ရှေးခေတ်စာဆိုတို့၏ သမိုင်းမှတ်တမ်းစာပေများ တွင်သာ လေ့လာသိရှိနိုင်ပေသည်။ ထို့ကြောင့်ပင် မြန်မာ့အမွေ၊ သမိုင်းအမွေဖြစ်သော မြန်မာ့စာပေ (အမျိုးသားစာပေ)ကို ထိန်းသိမ်း၍ ဖတ်ရှုလေ့လာ ကြပြီး ခေတ်နှင့်အညီ ဖော်ညွှန်းပြသကြရပေမည်။ သို့မှသာ အမျိုးသားစာပေအဆင့်အတန်း ပိုမိုမြင့်မား ၍ အမျိုးသားရေးစိတ်ဓာတ်လည်း ပို၍ရင့်သန်လာ ပေလိမ့်မည်။ ထို့ကြောင့် ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာစာသားနှင့်အတူ “သင်သေသွားသော်၊ သင်၏မျိုးသား၊ စာစကား လည်း၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဆိုသည့် အတိုင်း အမျိုးသားစာပေ မြင့်မားရေးကို နိုင်ငံသား တိုင်း ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
ကိုးကား - မြန်မာ့စွယ်စုံကျမ်းအတွဲ(၃)
စွယ်စုံကျမ်းနှစ်ချုပ် ၁၉၈၀
- Log in to post comments