
နေပြည်တော် နိုဝင်ဘာ ၂၅
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည် ဖော်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများနှင့် ကော်မတီဝင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်၊ ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး များ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း တိုးတက်များပြားလာသည့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရေး အတွက်လည်းကောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ ပြန်လည်သုံးသပ် ပြင်ဆင်ထားသော ကျိုတိုသဘော တူညီချက်၊ အထွေထွေနောက်ဆက်တွဲပါ ပြဋ္ဌာန်းချက် များအရလည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီ ချက်အရနှင့် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်အရလည်းကောင်း မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း။
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်သည် ကုန် ပစ္စည်းရှင်းလင်းထုတ်ယူခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်း စဉ်များတွင် အချိန်နှင့်ကုန်ကျစရိတ်များ သက်သာ စွာဖြင့် လျင်မြန်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်အကောင်အထည်ဖော်သည့်စနစ်တစ်ခု ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်သွယ်မှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သော ထိရောက်မှုရှိသည့် ခေတ်မီကုန်စည်ရှင်းလင်းရေး စနစ်ဖြစ်၍ ယင်းလုပ်ငန်းစဉ်တွင် ကုန်သွယ်မှု ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကကဏ္ဍများအားလုံး ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် စနစ် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်ပြတင်းတစ်ပေါက် စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် “နိုင်ငံ တော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော် ရေး ဦးဆောင်ကော်မတီ” ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၁၇၇/ ၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
ယနေ့အစည်းအဝေးတွင် ဦးဆောင်ကော်မတီ၏ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် (Terms of Refer-ence - TOR)၊ စနစ်တည်ထောင်ခြင်းအတွက် လမ်းပြ မြေပုံ (Road Map) တို့ကို အတည်ပြုထုတ်ပြန်နိုင်ရေး၊ နည်းပညာလုပ်ငန်းအဖွဲ့နှင့် ဥပဒေလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးတို့အတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော် မည့်နည်းပညာပုံစံနှင့် လုပ်ငန်းအစီအမံများကို အတည်ပြုချမှတ်ခြင်း၊ သက်ဆိုင်ရာ အစိုးရဌာနများ က ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်နိုင်ရန် တွန်းအား ပေးကြပ်မတ်ခြင်း၊ စနစ်အကောင်အထည်ဖော်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ လုပ်ငန်း တိုးတက်မှုအခြေအနေများကို စောင့်ကြည့်သုံးသပ် ၍ လိုအပ်သောလမ်းညွှန်မှုများ ချမှတ်ခြင်း၊ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် တည်ထောင်နိုင် ရေးအတွက် လိုအပ်သော ရန်ပုံငွေတွက်ချက်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြခြင်း စသည်တို့ကို ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သော ကော်မတီဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင် စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်