(၇၅) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်‌ရေးစာမေးပွဲကျင်းပမည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၅)ကြိမ်မြောက်  တိပိဋကဓရ  တိပိဋကကောဝိဒ  ရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်သည်။

 


အဆိုပါ စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်(တနင်္လာနေ့)၊ နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ   ဝိဇယမင်္ဂလာဓမ္မသဘင်၌  လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃  ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင် များအနေဖြင့် ဆွမ်းပဒေသာပင်၊ စာအောင်ဆုပဒေသာပင်၊ တိပိဋက အထွေထွေရန်ပုံငွေများကို သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊   ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့၊ ၀၉-၄၃၀၆၇၁၆၈၊ ၀၉-၄၄၃၁၉၀၁၉၃၊    ၀၉-၄၅၁၃၇၉၉၄၂၊  ၀၁-၆၆၃၃၂၅  တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ် ရှင်များအဖြစ်   စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။

 


ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီး ၂ ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါ စရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် ၄ ပါး၊ ကြီးကြပ်ရေး ဆရာတော် ၄ ပါး၊ စာထောက်စာမဆရာတော် ၂၁၄ ပါး၊ အာဂုံပြန် စာရင်းသွင်း သံဃာ ၂၅၀ ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ ၁၈၇ ပါး၊ စုစုပေါင်း ၆၇၂ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။                          

သတင်းစဉ်