ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် မဲစာရင်းများ မှန်ကန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၂


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေ ရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က  မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာဌာနများမှ စာရင်းဇယားများ နှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း  စသည့် ကိစ္စရပ်များတွင်လည်း  ယနေ့တက်ရောက်လာသည့်   ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


မဲစာရင်းမှန်ကန်ရေးအတွက်  အဓိကကျ


 မဲစာရင်းများပြုစုရာတွင်  သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့်အညီ   မဲစာရင်းများကိုပြုစုရာတွင်    ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်း ပုံစံဇယားများအတိုင်း   ပြည်ထဲရေး ဝန်ကြီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြီး  ပြုစုရမည်ဖြစ် ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများက ပြုစုထားသည့် လူဦးရေစာရင်းများသည်  မဲစာရင်းမှန်ကန်ရေးအတွက်  အဓိကကျပါ ကြောင်း။ 
မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ပြီးမြောက်ပြီးသည့် နောက် ရရှိလာသည့် လူဦးရေစာရင်းများကို  ကွန်ပျူတာဆော့ဝဲလ် အသုံးပြု၍ နိုင်ကတ်ထပ်နေသူများ၊ နိုင်ကတ် မရှိသူ/ မပြည့်စုံသူများ၊ အသက် ၁၈ နှစ်အောက်ရှိသူများ၊  မွေးသက္ကရာဇ်  မပြည့်စုံသူများ၊ မွေးရက် မွေးလ ထပ်နေသူများ စသည်ဖြင့် ခွဲခြားစိစစ်ခဲ့ပါကြောင်း၊ စိစစ်ပြီးသည့်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ သို့ ပေးပို့ခဲ့ပါကြောင်း။

 


စိစစ်ပြီးသည့် စာရင်းများအပေါ်အခြေခံပြီး အခြေခံမဲဆန္ဒရှင်စာရင်း များ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရေး မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ သေဆုံးသူ၊ ပြောင်းရွှေ့ထွက်ခွာသူ/ ဝင်ရောက်သူ၊ အသက် ၁၈ နှစ်ပြည့်ပြီး  ဥပဒေနှင့်အညီ   သတ်မှတ်အရည်အချင်း ပြည့်မီသည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပြီးသူများ၏ အင်အား အတိုးအလျော့  ပြောင်းလဲမှုများကို သက်ဆိုင်ရာဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးများနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊   မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများ  ပူးပေါင်း၍  ၂၀၂၂ ခုနှစ်   စက်တင်ဘာလမှ စတင်၍  လစဉ် တိုက်ဆိုင်စိစစ် ဆောင်ရွက်စေလျက်ရှိပါကြောင်း။

 


မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမှ ရရှိသည့်လူဦးရေစုစုပေါင်းမှာ မူလ Pilot Project ပြုလုပ်စဉ်က ၆၁၀၆၉၀၀၈ ဦး (၆၁ ဒသမ ၀၇ သန်းခန့်) ဖြစ်ပြီး စက်တင်ဘာလတွင် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာ အုပ်စုများ ထပ်မံပါဝင်လာခဲ့သည့်အတွက် ၆၁၂၁၄၀၉၉ ဦး (၆၁ ဒသမ ၂၁၄ သန်း ကျော်) ရှိလာပြီဖြစ်ကြောင်း၊ ယင်းစာရင်းများသည် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့၏ စာရင်းနှစ်ခုပေါင်းဖြစ်ကြောင်း၊  လစဉ်  လူဦးရေစာရင်း အတိုး အလျော့များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ အရ အောက်တိုဘာလအထိ ရရှိသောအချက်အလက်များမှာ- 


    ၁။    ဥပဒေနှင့်အညီနေထိုင်သူဦးရေ    ၄၁,၆၀၉,၂၁၈ ဦး 
    ၂။    နိုင်ကတ်ရှိသူဦးရေ    ၂၉,၂၈၄,၉၀၉ ဦး 
    ၃။    ၁၈ နှစ်အထက်အောက်များအပါအဝင်     ၁၂,၁၆၃,၇၂၃ ဦး
        နိုင်ကတ်မရှိသူဦးရေ      
    ၄။    သေဆုံးသူ စုစုပေါင်း    ၇၈၅,၀၀၇    ဦး
    ၅။    နိုင်ကတ် (၂) ကြိမ်ထပ်မှ     ၁၀၅၇၁၂    ဦး
        လျှော့နိုင်သည့်ဦးရေ    
    ၆။    နိုင်ကတ် (၃) ကြိမ်ထပ်မှ    ၁၀၂၄၉    ဦး
        လျှော့နိုင်သည့်ဦးရေ    
    ၇။    နိုင်ကတ်ထပ်မှ အသစ်ပြုလုပ်သည့်    ၆၅၉၄    ဦး
        ဦးရေ        
    ၈။    လဝက လက်ကျန်စာရင်းမှ     ၃၆၀,၅၇၆    ဦး
        ထပ်မံဖြည့်သွင်းသည့်ဦးရေ    
    ၉။    အချက်အလက်ပြင်ဆင်မှုပေါင်း    ၁,၅၆၇,၅၉၄    ခု 
တို့ဖြစ်ပြီး   လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြောင်းဝင်/ ပြောင်းထွက် စာရင်းများ၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ ပြောင်းဝင်/ပြောင်းထွက် စာရင်းများ စသည်ဖြင့် လူဦးရေစာရင်းများ ကိုလည်း ကောက်ယူရရှိခဲ့ကြောင်း။

 


ပူးပေါင်းဆောင်ရွက်


 ၂၀၂၂ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့်  အစည်းအဝေး၌   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်   ပုံစံ  (၆၆/၆) များ   မြေပြင် တိုက်ဆိုင်စစ်ဆေးရန် လမ်းညွှန်ခဲ့ကြောင်း၊  မြေပြင်တိုက်ဆိုင် စစ်ဆေး ခြင်း ဆောင်ရွက်ရာတွင် ပုံစံ (၆၆/၆) မရှိဘဲ မြေပြင်တွင် နေထိုင်သူများ ကိုလည်း တစ်ပါတည်းစာရင်းပြုစုသင့်ပါကြောင်း၊ ထို့အတူ တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုလည်း  ခွဲခြား၍ စာရင်းကောက်ယူသင့်ကြောင်း အကြံပြု ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်  အကြံပြုဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ မြေပြင်လူဦးရေ စာရင်းနှင့်    တိုက်ဆိုင်စစ်ဆေးရရှိခဲ့သည့်   အခြေခံစာရင်းအပေါ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထပ်မံစိစစ်ဆောင်ရွက်ရာ၌ တိုးတက်မှု အသေးစိတ်စာရင်းများနှင့် လုပ်ငန်း၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

 


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်ဖြင့်  နိုင်ကတ်များ ပြုလုပ်ပေးမှုနှင့် အခြေခံလူဦးရေစာရင်း မြေပြင်ကောက်ယူမည့်  ဖွဲ့စည်း မှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ၎င်းတို့၏ ဝန်ထမ်းခန့်အပ်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှုနှင့် မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့်အခြေအနေတို့ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။                                                 

 

သတင်းစဉ်