ဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်

Type
၅

 

ဝ ထ က လ သ (နတလ)

 

“ဝိရောဓိ” ဟူသည် ဆန့်ကျင်ခြင်း၊ ဆန့်ကျင်ဘက်ဟူ၍ဖြစ်၏။“ဖွံ့ဖြိုးရေး” ဟူသည် လူတိုင်းလူတိုင်း၏ လိုအင်ဆန္ဒကို မဆန့်ကျင်သော သဘောလည်းရှိ၏။ “ကျေနပ်စရာ” သဘောလည်းရှိ၏။ လူအများအတွက် “နှစ်သက်စေသော” သဘောလည်းရှိ၏။ ကောင်းသောအကျိုးပြုခြင်း အချက်လည်းဖြစ်၏။ ချစ်စရာ မွန်မြတ်သည့် လုပ်ငန်းလည်းဖြစ်၏။
ထို့ကြောင့် ဒေသတစ်ခုတွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ   ဆောင်ရွက်ပေးခြင်းမှာ    မြင့်မြတ်သည်ဟု ဆိုထိုက်ပေမည်။   ဖွံ့ဖြိုးရေး၏   ဆန့်ကျင်ဘက် “ဝိရောဓိ” သည်ကား  ထိုနှစ်သက်ဖွယ်အရာများကို ဒေါသ၊   ရန်လိုမှု၊    ကြမ်းတမ်းရက်စက်မှုများဖြင့် ပျက်စီး စေတတ်သော   “သဘာဝဘေးအန္တရာယ်များ” ပင်တည်း။
သဘာဝဘေးအန္တရာယ်များ
ဘိုးတော်ဘုရားလက်ထက်     ၁၁၅၄ ခုနှစ်တွင် “တွင်းသင်းမင်းကြီး   မဟာစည်သူ   ဦးထွန်းညို” ရေးသားခဲ့သော “ဘလ္လာလိယပျို့” ပါ    “မိုးသက် လေပြင်းတွေထန်၊ သစ်ပင်တွေကျိုးပြတ်လွင့်စင်၊ ချောင်းရေတွေလျှံပြီး တစ်ဖက်၊ တစ်ကမ်းစီ တစ်ည တာ  ကွဲကွာခဲ့ရသဖြင့်နှစ်ပေါင်း  ၇၀၀ တိုင်အောင် ငိုကြွေးခဲ့ရသည်” ဟု တင်စားခဲ့သည့် ကိန္နရီ ကိန္နရာ မောင်နှံ    ချောင်းခြားအလွမ်း    အဖြစ်အပျက်သည် လည်းကောင်း၊ ၁၈၁၅ ခုနှစ်က ဖြစ်ပွားခဲ့သော အင်ဒို နီးရှားနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအပေါ်  နစ်နာ သော အကျိုးသက်ရောက်မှု  ဖြစ်စေခဲ့သော “တန်ဘို ရာမီးတောင်” ပေါက်ကွဲမှုသည်လည်းကောင်း၊၂၀၀၈ ခုနှစ်  မေလက မြစ်ဝကျွန်းပေါ်ဒေသကို အတိုင်း အတာ ကြီးကြီးမားမား   ပျက်စီးဆုံးရှုံးစေခဲ့သော “နာဂစ်မုန်တိုင်း” သည်လည်းကောင်း၊ ၂၀၁၁ ခုနှစ်  မတ်လက လှုပ်ခတ်ခဲ့သော ဂျပန်နိုင်ငံအဖို့ အကြီး မားဆုံးနှင့် အခဲယဉ်းဆုံးဟု ပြောဆိုရမည့် “ဆန်ဒိုင် ငလျင်နှင့် ဆူနာမီ” သည်လည်းကောင်း၊ ၂၀၁၇ ခုနှစ်  အောက်တိုဘာလအတွင်း  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်း၏ အဆိုးရွားဆုံး တောမီးလောင်မှုနှင့် ၂၀၂၂ ခုနှစ်     ဇန်နဝါရီလမှ မတ်လအတွင်း    ဘရာဇီးနိုင်ငံရှိ     ကမ္ဘာ့အကြီးဆုံး အမေဇုန်မိုးသစ်တော     ပြုန်းတီးမှုများသည်   လည်းကောင်း ကမ္ဘာပေါ်တွင်   နှစ်စဉ်နီးပါးဖြစ်ပေါ် လေ့ရှိသည့်  သဘာဝဘေးအန္တရာယ်များ ဖြစ်ကြလေ သည်။
ဘေးအန္တရာယ်ဟူသည်မှာ    နေရာဒေသတစ်ခု (သို့မဟုတ်)  လူတစ်စုအပေါ်  ရွေးချယ်ကျရောက် တတ်ခြင်းမျိုး မဟုတ်ပေ။   ခေတ်မီဖွံ့ဖြိုးပြီး    နည်း ပညာအဆင့်မြင့်သည့်နိုင်ငံ၊ ဖွံ့ဖြိုးဆဲဒေသ၊ ဖွံ့ဖြိုးမှု နောက်ကျသည့်   တိုင်းပြည်ဟူ၍   ရွေးချယ်မှုမရှိ၊ ညှာတာမှုမရှိ၊ ခွဲခြားမှုမရှိပေ။ သဘာဝဘေးအန္တရာယ် များကြောင့် လူသားတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်း တွင် ဆက်စပ်ထိခိုက် ဆုံးရှုံးတတ်ပါသည်။ 
ကူးစက်ရောဂါနှင့်     သဘာဝဘေးအန္တရာယ် ကာကွယ်ရေးသုတေသနစင်တာ   (Center    for Research on the Epidemiology of Disasters)၏ အစီရင်ခံစာများအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ ၁၀ နှစ်တာကာလအတွင်း နှစ်စဉ်ဘေးဖြစ်ပွား မှု အကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ လူဦးရေ မှာ တစ်နှစ်လျှင်   ပျမ်းမျှ ၁၆၄ သန်းကျော်ခန့်ရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။    မြန်မာနိုင်ငံတွင် လည်း  ထို ၁၀  နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များမှာ မီးဘေးအန္တရာယ် ၇၃ ရာခိုင် နှုန်း၊    ရေလွှမ်းမိုးခြင်း ၁၁ ရာခိုင်နှုန်း၊   လေပြင်း မုန်တိုင်းကျရောက်ခြင်း  ၁၂ ရာခိုင်နှုန်းနှင့် ကျန် လေးရာခိုင်နှုန်းမှာ    မြေငလျင်၊    မြေပြိုခြင်းနှင့် ဆူနာမီကျရောက်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါ သည်။
ထိုသဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံ သားတို့၏ အသက်များ ဆုံးရှုံးခဲ့ရသည်။ နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့ရသည်။    လမ်းပန်း ဆက်သွယ်ရေး၊       သွားလာမှုလမ်းကြောင်းများ ပိတ်ဆို့ခဲ့ရသည်။  လမ်းတံတားများ    မြေပြိုကျမှု (Land Slide) များဖြစ်ပွားပြီး ဆုံးရှုံးပျက်စီးခဲ့ရသည်။ ရေချိုများ   ညစ်ညမ်းပြီး     သောက်ရေ၊  သုံးရေ ပြတ်လပ်ရှားပါးခဲ့ရသည်။ စိုက်ပျိုးမြေများ ထိခိုက် ပျက်စီး လက်လွတ်ခဲ့ရသည်။ တိရစ္ဆာန်များလည်း များစွာ သေကျေခဲ့ကြရသည်။ သီးနှံခင်းများလည်း စိုက်ပျိုးမရ ပြဿနာများ ဖြစ်ခဲ့ရသည်။ ဓာတ်တိုင် များပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည်။ စာသင်ကျောင်းများလည်းပိတ်ခဲ့ရသည်။   ရောဂါဘယ များ ထူပြောစေခဲ့သည်။ ဘုရားစေတီ၊ ကျောင်းကန် တို့လည်း ရေစီးတွင်  ပြိုကျ၊ပျက်စီးမျောပါခဲ့ရ သည်။ သဘာဝအလှအပများကိုလည်း အကျည်းတန်  စေခဲ့ ပါသည်။
ထိုရာသီဥတုဆိုးရွားဖောက်ပြန်မှုနှင့် ကြမ်းတမ်း သော သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ သည် “နယ်စပ်ဒေသနှင့်  တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန”၏ ဖွံ့ဖြိုးရေး လုပ်ငန်း များဖြစ်သော တည်ဆောက်ဆဲ၊     တည်ဆောက်ပြီး လမ်းများ၊ တံတားများ၊ အဆောက်အအုံများကို ဖျက်ဆီးခဲ့သော မှတ်တမ်းများ များစွာရှိခဲ့ပေသည်။
မည်သူ့ကို အပြစ်တင်ရမည်နည်း
သဘာဝတရားကိုတော့  အပြစ်တင်၍ မရပေ။ မြေကမ္ဘာတွင်     မြေပေါ်နှင့်       မြေအတွင်းပိုင်းဟု  သဘာဝဘေးအန္တရာယ်    ဖြစ်စဉ်နှစ်မျိုးရှိသည်။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ် ဖြစ်စဉ်များမှာ  လေပြင်း မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ရေတိုက်စားခြင်း၊ မြေပြိုခြင်း၊  တောင်ပြိုခြင်းနှင့်   အနည်ပို့ချခြင်းတို့ ဖြစ်၏။
ကမ္ဘာမြေအတွင်းပိုင်းဖြစ်စဉ်များမှာ     ကမ္ဘာ့ အပေါ်ယံအလွှာ (Earth Crust) ၌   ဖြစ်ပေါ်လေ့ရှိ ကြသည်။ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောင်တန်းများ၊ တိုက်ကြီးများ၊  သမုဒ္ဒရာ ချိုင့်ဝှမ်း များ ဖြစ်ပေါ်ခြင်းတို့ပင်ဖြစ်၏။   မြေပေါ်ဖြစ်စဉ် အများစု ဖြစ်ပွားရခြင်းမှာ လူသားတို့၏  ပယောဂ ကြောင့်ဟုသာ ဆိုရပေမည်။ အဘယ့်ကြောင့်နည်း။
သဘာဝရဲ့စိန်ခေါ်သံ
သစ်တစ်ပင်မျှပင်   မစိုက်ပျိုးဖူးကြသော်လည်း သစ်ပင်ဆယ်ပင်ခုတ်ရန်   ဝန်မလေးကြ။     လောဘ ဇောတိုက်၍    စည်းမရှိ   ကမ်းမရှိ သစ်ထုတ်ကြ၏။ သစ်ခုတ်ကြ၏။ သစ်တောများစွာ  ပြုန်းတီးကြရ သည်။ အမှန်တော့    သစ်ပင်၊   သစ်တောတို့သည်   မိုးရေကို မြေကြီးနှင့်တိုက်ရိုက်မထိအောင် ကာကွယ် ပေးထား၏။    မိုးရေကို     ထိန်းပေး၏။ ထို့ကြောင့် ရေစီးရေလာကို  နှေးစေ၏။  သစ်ပင်ရှိ၍ ရွာသော မိုးရေသည်    မြေအောက်သို့    ပိုမိုစိမ့်ဝင်နိုင်၏။ မြေအောက်ရေကို ဖြည့်တင်းရာလည်း  ရောက်ပါ သည်။ 
သစ်ပင်၊ သစ်တောများ မရှိလျှင်တော့    မိုးရေ သည် မြေကြီးနှင့်  တိုက်ရိုက်ထိတွေ့ပြီး မြေဆီလွှာ  ပျက်စီးစေ၏။ ထိုမြေလွှာများသည် မိုးရေနှင့်အတူ မြစ်များ၊    ချောင်းများသို့     မျောပါကျရောက်၏။ ထိုမြေဆီလွှာအနည်အနှစ်များကြောင့် မြစ်ကြမ်းပြင် ကို တိမ်စေ၏။   သောင်ထွန်းစေ၏။   ထို့ကြောင့်  မြစ်ကျဉ်းပြီး ရေကြီးရေလျှံ ဖြစ်ပေါ်လာရတော့သည်။ “သစ်ပင်၊ သစ်တော မရှိခြင်း၏ ရလဒ်အကျိုးဆက်ကို ကျွန်ုပ်တို့အားလုံး   ရင်ဆိုင်ကြရုံသာ။”      အခြား အကြောင်းအရင်းတစ်ခုမှာ     စနစ်တကျမရှိသော   သယံဇာတ   တူးဖော်မှုများပင်ဖြစ်၏။    မြစ်ထဲ၊ ချောင်းထဲ တူးချင်သလို တူးကြ၏။    စွန့်ပစ်မြေစာ များ ပုံချင်သလို ပုံကြ၏။ ထိုအခါ  ရေလမ်းကြောင်း များ    ပျက်စီးခြင်း၊ ပိတ်ဆို့ခြင်း၊ ပျောက်ဆုံးခြင်းများ   ဖြစ်ပေါ်လာ၏။ မြစ်ချောင်းများ၏  ရေစီးဆင်းပုံစနစ်     (Drainage System) ကွန်ရက်သည် လူများ၏    မဆင်မခြင်ပြုမှုများကြောင့် ပျက်စီးယိုယွင်းကြရ သည်။ ရလဒ်ကား ရေကြီးမှုပမာဏများပြားလာ ခြင်း၊   ရေကြီးခြင်း   အကြိမ်ရေ   စိပ်လာခြင်းတို့ ပင်တည်း။
ထို့ပြင်    ရွှေ့ပြောင်းတောင်ယာ     ဆောင်ရွက် ခြင်း၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှု၊    တောမီးရှို့ မှု၊ လမ်းများ၊   တံတားများ  ဖျက်ဆီးခံရမှု၊  နယ်မြေ အေးချမ်းမှု        မရှိခြင်းတို့ကိုလည်း      မြေပေါ် ဘေးအန္တရာယ်များတွင် ထည့်သွင်းရပါမည်။   ယခု ဆိုလျှင်   ရှမ်းပြည်နယ်ဒေသအနှံ့       ခပ်စိပ်စိပ်တွေ့ရ သည့် ထင်းရှူးတောများ ရှားပါးလာပေပြီ။ ပင်လယ် ကမ်းစပ် ဒီရေရောက်တောများသည်လည်း   ပုစွန် ကန်များနှင့်အတူ   ပျောက်ကွယ်ခဲ့ပေပြီ။   နယ်စပ် ဒေသအသီးသီးတွင် သစ်ပင်၊ သစ်တောမဲ့ တောင်ကတုံး များ ပေါများခဲ့ပေပြီ။   ထိုသို့     သဘာဝဟန်ချက်များ ပျက်စီးလာသည်နှင့်အမျှ သဘာဝဘေးများက မိမိ တို့ကို အချိန်တိုင်း စိန်ခေါ်နေလေတော့သည်။
နတလ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ
နယ်စပ်ရေးရာဝန်ကြီးဌာနသည်    နိုင်ငံတော် တည်ဆောက်ရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်   နယ်စပ်ဒေသရှိ   တိုင်းရင်းသားလူမျိုး များ၏  လူ့စွမ်းအားအရင်းအမြစ်     ဖွံ့ဖြိုးတိုးတက်ရေး ဟူသော   အဓိကတာဝန်ကြီးနှစ်ရပ်ကို   အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။    
ထို့ကြောင့်  “နယ်စပ်ဒေသနှင့်    တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ ပြည်မ အကြားအလပ်  မရှိစေရေး   အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်” ဟူသော    မဟာဗျူဟာဖြင့်- တည်ငြိမ်အေးချမ်းရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်လျက်ရှိသည့် ပြည်နယ်ခုနစ်ခု၊       တိုင်းဒေသ ကြီးနှစ်ခု၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   တိုင်း/   ဒေသ ခြောက်ခုတို့တွင်  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးနိုင်ရန် ဖွံ့ဖြိုးရေးလုပ်ငန်း များ     သတ်မှတ်လျာထားရန်   လိုအပ်ပါသည်။ ထို့ကြောင့်  ဤနေရာသည်ကား  ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်လျက်ရှိ၏။  ဒေသကလည်း ဖွင့်ဟတောင်းဆို၏။   ဒေသခံများအတွက်လည်း များစွာအကျိုးရှိ၏။ သို့အတွက် နတလ၏ဝန်ထမ်း များသည်  တောတိုး၊  တောင်ဖြတ်၊    မိုးထဲရေထဲ ပင်ပန်းစွာ ကွင်းဆင်းစစ်ဆေးလေ့လာပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ဆောက်ရန် လျာထားပေးကြ၏။ အရည်အသွေးပြည့်မီစွာ၊   ခိုင်ခံ့စေရန်    ကျွမ်းကျင် လုပ်သားများ၊ အင်ဂျင်နီယာများက စေတနာအပြည့် ဖြင့် တည်ဆောက်ခဲ့ကြ၏။ လှပစွာ၊    ခံ့ထည်စွာ လည်း   အချိန်မီ တည်ဆောက်ပြီးစီး၏။    ဒေသခံ ပြည်သူတို့လည်း ပျော်ရွှင်ဝမ်းမြောက်စွာ   ဖြတ်သန်း သွားလာ အသုံးပြုနေကြ၏။

 


ဤသို့သော  ကာလမျိုးတွင်      ရုတ်တရက် မိုးသည်းထန်စွာရွာ၏၊ ရက်ပေါင်းများစွာ မရပ်မနား ရွာ၏။  လေပြင်းထန်စွာတိုက်ခတ်၏။   တောင်တွေ မြေများပြိုကျ၏။ လမ်းကမ်းပါးများ   တအိအိပဲ့ကျ ကုန်၏။ တစ်ရှိန်ထိုးစီးဆင်းလာသော မိုးရေများ သည် ချောင်းများအတွင်းသို့   အဟုန်နှင့်   ရောက်၏။ 
ရေပြင်သည် အရှိန်ဖြင့် မြင့်တက်လာ၏။ ကြမ်းတမ်း သော ရေစီးတို့သည်  လမ်းကြောင်းပေါ်ရှိ တံတား ကို  ခပ်ပြင်းပြင်းကျော်ဖြတ်၏။  လေပြင်းကြောင့် ကျိုးပြတ်ပြိုလဲ လွင့်စင်သွားသော  သစ်ပင်၊ သစ်တုံး၊ သစ်ကိုင်းတို့ ရေစီးနှင့်အတူ မျောပါလာ၏။ ယင်းတို့ သည်   တံတားတိုင်များနှင့်   ကန့်လန့်ခံပိတ်စေ၏။ ရေစီးကြမ်းနှင့်အတူ    သစ်တုံး၊    သစ်ပင်တို့က တံတားကို တဝုန်းဝုန်းနှင့်  အကြိမ်ကြိမ်ဆောင့်၏။  တံတားတိုင်များ ကြေမွသွားလေ၏။  တံတားများ လည်း ယိုင်နဲ့ပျက်စီး၏။ ချဉ်းကပ်လမ်းများ ဖရိုဖရဲ ပျက်စီးရတော့သည်။ စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်း များပင် ဖြစ်တော့သည်။
သဘာဝတရားကြီးသည် ကျွန်ုပ်တို့အား တန်ဖိုး မဖြတ်နိုင်သော  လက်ဆောင်များ   ပေးထားပြီး ဖြစ်ပါသည်။ သဘာဝကို ဖျက်ဆီးပါက   သဘာဝ တရား၏     ဒဏ်ခတ်မှုကိုတော့    ခံကြရပေမည်ကို သေချာစွာ   သတိပေးရပါလိမ့်မည်။   တစ်စုံတစ်ခု ပျက်သည်နှင့်      အားလုံးပြိုပျက်ကြရပေမည်။ ဤသည်ကား  ကမ္ဘာမြေကြီး၏    ရှင်သန်လည်ပတ် နေသောစနစ်ဖြစ်၏။  
နယ်စပ်ရေးရာဝန်ကြီးဌာန၏ တည် ဆောက်ရေး လုပ်ငန်းများကို    နယ်စပ်ဒေသများ၊   တိုင်းရင်းသား လူမျိုးများ    နေထိုင်ရာဒေသများ၊ လူတိုင်းရောက်ရှိ ရန်ခက်ခဲသည့်     ဒေသများတွင်  Pioneer ရှေ့ပြေး စီမံကိန်းများအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
တစ်နည်းဆိုရသော် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေများသော   တောင်တန်းဒေသများနှင့် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ပင် ဖြစ်ပါသည်။
ထို့ကြောင့်  ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တောအထပ် ထပ်၊ တောင်အလျှိုလျှိုကို ကျော်လွှား၍လည်းကောင်း၊ တောင်ခါးပန်းများကို  ရစ်ပတ်၍လည်းကောင်း၊ လျှိုမြောင်များကို    ဖြတ်သန်း၍လည်းကောင်း၊ မြစ်ချောင်းများကို ဖြတ်ကျော်၍လည်း  ဆောင်ရွက် ကြရပါသည်။ 
ထို့ကြောင့် “နတလ  ဖွံ့ဖြိုးရေးလုပ်ငန်းများ” အပါအဝင် နိုင်ငံတော်၏ အခြားတည်ဆောက်ရေး  လုပ်ငန်းများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်လိုလိုရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ရှောင်လွှဲ၍ မရနိုင်ခဲ့ပါ။  နှစ်စဉ်နှစ်တိုင်းလိုလို   မိုးကာလများ တွင်   မြန်မာနိုင်ငံအနှံ့အပြား   ရက်ပေါင်းများစွာ မိုးများသည်းထန်ပြီး   အဆက်မပြတ်  ရွာသွန်းခဲ့မှု ကြောင့် ဆောင်ရွက်ပြီး လမ်း/ တံတားလုပ်ငန်းများ နှင့်   အခြားတည်ဆောက်ရေးလုပ်ငန်းများသည် နေရာတော်တော်များများ၌ လမ်းမြေပြိုခြင်း၊ ပဲ့ကျ ခြင်း၊ တောင်ပြိုကျခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ ရေနစ် မြုပ်ခြင်း၊ တံတားများ ရေတိုက်စားခြင်း   စသည့် ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရပါသည်။
နိုင်ငံတော်သည် အဆိုပါသဘာဝဘေးကြောင့် ပျက်စီးပိတ်ဆို့သွားသော   လမ်းပိုင်းနေရာများတွင် ချက်ချင်း မြေစာများ ဖယ်ရှားခြင်း၊    နောက်ထပ် မြေပြိုခြင်း မဖြစ်စေရန် တောင်နံရံများဖြတ်ခြင်း၊ Step ခံခြင်း၊     ရေစီးဒဏ်ခံနိုင်ရန်   မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့်     ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို  အချိန်နှင့်   တပြေးညီ နေ့ညမပြတ်၊ အင်တိုက်အားတိုက် ပြန်လည်ဆောင် ရွက်ပေးခဲ့ပါသည်။  သို့သော်    ရှေ့က   ပြင်နေဆဲ နောက်က   ပြိုပျက်သဖြင့်     ပြန်လည်ပြင်ဆင်ခဲ့ရ သည်မှာလည်း အကြိမ်ကြိမ်ပင်ဖြစ်ပါသည်။
ပျက်စီးမှု၏ အဓိကအကြောင်းအရင်း 
နယ်စပ်ဒေသရှိ  လမ်းအများစုမှာ တောင်တန်း ဒေသများတွင် တည်ရှိနေပါသည်။ အတက်/ အဆင်း များပြီး  အဆင့်အဆင့်တက်ခြင်း ၈  ရာခိုင်နှုန်း အထက်   ရှိခြင်းကြောင့်  မိုးရွာသွန်းမှုများချိန်တွင် ရေစီးကြမ်းသဖြင့် အပွန်းခံလွှာ  ပျက်စီးမှုမြန်ဆန် ခြင်း၊   လမ်းသားများ ပြတ်ကျခြင်း၊     လမ်းဘေး ရေမြောင်း(Side Drain)တိုက်စားခြင်း/  ပိတ်ဆို့ခြင်း တို့ကြောင့်     လမ်းပေါ် ရေစီး၍  လမ်းသားပျက်စီးမှုကို  အများဆုံး  ဖြစ်ပွားစေပါသည်။ မိုးရေချိန်များမှု ကြောင့်လည်းကောင်း၊ သစ်ပင်ကြီးများ/ ကျောက်တုံး များ ပိတ်ဆို့မှုကြောင့်လည်းကောင်း၊ မိုးရွာသွန်းချိန် တွင် ချောင်း/   မြောင်းများ လမ်းကြောင်းပြောင်း၍ တံတားနှင့် ရေထုတ်ပြွန်များ၏   ကမ်းကပ်ခုံ၊   Wing Wall၊   မြေထိန်းနံရံ စသည်တို့ကို ရေတိုးတိုက်စားခြင်း တို့ကြောင့်  လမ်း/ တံတားများ  ပျက်စီးမှု အများဆုံး ဖြစ်ပွားခဲ့ရပါသည်။
ဖွံ့ဖြိုးပြီးလမ်းများမှာ     အဆင့်မြှင့်တင်သော လမ်းမဟုတ်ဘဲ လမ်းလုံးဝမပေါက်သေးသော နေရာ များတွင် လမ်းအသစ်ဖောက်လုပ်ခြင်း    ဖြစ်သော ကြောင့် မြေသားသိပ်သည်းမှု   နည်းနေသေးခြင်း သည်လည်း ပျက်စီးရခြင်းအကြောင်းရင်းအနက် တစ်ချက်ပါဝင်ပါသည်။  ပူတာအို- မချမ်းဘော့- နောင်မွန်း လမ်းပိုင်းများဆိုလျှင် နွေ၊ မိုး၊ ဆောင်း သုံးနှစ်ကျော်ကြာပြီးမှသာ  မြေပြိုမှုနည်းပါးသွားပြီး မြေသားသိပ်သည်းနိုင်သည်ကို လေ့လာတွေ့ရှိရပါ သည်။ 
ထိုကဲ့သို့ပင် အချို့နေရာများ၌လည်း   သက်နုသင်ပုန်းကျောက်များဖြစ်ခြင်းနှင့် ခိုင်မာမှုမရှိသော မြေထုများတွင် ဆောင်ရွက်ရခြင်း၊ မက်စောက်သော တောင်ကမ်းပါးယံတွင်      ခက်ခဲစွာ     ဖောက်လုပ်ခဲ့ ရခြင်း၊ ရန်ပုံငွေကန့်သတ်ချက်အရ မြေထိန်းနံရံများ ဆောင်ရွက်နိုင်မှု နည်းပါးခြင်းတို့ကြောင့် မြေပြိုမှု ဖြစ်ပွားပြီး လမ်းပိတ်ဆို့မှု/ပျက်စီးမှုများ  ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ရပ်တန့်စေခဲ့
စင်စစ်အားဖြင့်   သဘာဝဘေးအန္တရာယ်များ သည် လမ်းတစ်လမ်း၊ တံတားတစ်စင်း၊    အဆောက် အအုံတစ်လုံးကိုသာ   ထိခိုက်စေမည်မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အကျိုး ရလဒ်နှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိနေပေ သည်။
သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံတော် ၏ဆောင်ရွက်ဆဲ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များ ကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ ရပ်တန့်စေခဲ့ပါ သည်။ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ကို နှောင့်ယှက်ပျက်စီးစေခဲ့ပါသည်။ နှောင့်နှေးစေခဲ့ ပါသည်။    နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်ရန်  လျာထားသည့်   တည်ဆောက်ရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို  နိုင်ငံသားတို့၏ ဘေးအန္တရာယ်ကယ်ဆယ်ထောက်ပံ့ရေးနှင့်  ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြောင်းလဲသုံးစွဲ ရခြင်းကြောင့် နိုင်ငံ၏ ရှေ့ဆက်မည့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင်  အရှိန်အဟုန် ယုတ်လျော့စေ ခဲ့ပါသည်။ 
ပူးပေါင်းဆောင်ရွက်ကြရမည်
ထို့ကြောင့် နိုင်ငံသားတိုင်းသည်   သဘာဝဘေး အန္တရာယ်များနှင့် စပ်လျဉ်းသည့် အသိပညာ၊ ဗဟု သုတများ  ရှိနေရန်လိုအပ်ပါသည်။ အခြေခံအကျဆုံး အချက်မှာ ရရှိသည့် အသိပညာ၊   ဗဟုသုတများကို လက်တွေ့ မြေပြင်တွင် အသုံးချနိုင်ရန်၊ မျှဝေပေးရန် လွန်စွာအရေးကြီးလှပါသည်။
ကမ္ဘာ့နိုင်ငံတိုင်းမှာ  သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေးအတွက်    ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ    လျှော့ချရေးလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသော်လည်း ရာသီဥတု         ပြောင်းလဲမှု   ဖြစ်စဉ်များကြောင့်     ဘေးအန္တရာယ်ဖြစ်စဉ်များမှာလည်း    မလျော့သော  အရေအတွက်ဖြင့်      တိုးပွားလျက်ရှိသည်ကိုတော့  သတိချပ်သင့်ပေသည်။  တိုးပွားဖြစ်ပေါ်လျက်ရှိသည့် ဘေးအန္တရာယ်များ လျှော့ချနိုင်ရန်   နိုင်ငံသားတိုင်း က    အသိစိတ်ဖြင့်     ပူးပေါင်းကြိုးပမ်း     ကာကွယ် ထိန်းသိမ်းနိုင်မှသာ၊      ကြိုးပမ်းဆောင်ရွက်မှသာ ထိခိုက်ဆုံးရှုံးမှုများကို   သိသိသာသာ      လျှော့ချ ပေးနိုင်မည်ဖြစ်ပြီး   နိုင်ငံတော်၏     ဖွံ့ဖြိုးရေး တည်ဆောက်မှု (Nation building)  ကဏ္ဍအသီးသီး သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနိုင်မည်ဟု ယုံကြည်မိကြောင်း တင်ပြလိုက်ရပါသည်။        ။