လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားကောင်းလာနိုင်

 

နေပြည်‌တော်   နိုဝင်ဘာ   ၁၈


ယနေ့မြန်မာစံတော်ချိန်   ညနေ  ၅  နာရီခွဲ  တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်      ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး  နောက်  ၄၈  နာရီအတွင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ တဖြည်းဖြည်း အားကောင်း လာနိုင်ကာ   နိုဝင်ဘာ   ၂၃  ရက်တွင်  အိန္ဒိယနိုင်ငံ  တမီးလ်နာဒူး မြောက်ပိုင်း -  ပူဒူချယ်ရီနှင့် အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေအနီး သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 


မိုးထစ်ချုန်းရွာနိုင်


အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ ညနေမှ နိုဝင်ဘာ ၂၀ ရက်အတွင်း  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊   ချင်းပြည်နယ်နှင့်   ရခိုင်ပြည်နယ်တို့တွင်  နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး    လှိုင်းကြီးနိုင်သည်။   မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်   ၃၅  မိုင် အထိ  တိုက်ခတ်နိုင်သည်။  လှိုင်းအမြင့်မှာ    မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

 


လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့်    ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်း ရေး၊   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။  

မိုး/ဇလ