အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ Public-Private Partnership နှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၂၈

 

 

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan - NESP) (2021-2030) ရေးဆွဲရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် ညီနောင်အသင်းများ၊ Public-Private Partnership နှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီး ဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင် ဆွေးနွေးကြသည်။ (ယာပုံ)

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အားလုံး ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပညာရေးအရည်အသွေး အတွက် အရေးကြီးပါကြောင်း၊ အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ အဆက်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD - Organisation for Economic Cooperation and Development) ၏ Future of Educa-tion and Skills 2030, OECD Learning Compass 2030 အစီရင်ခံစာ၊ ကမ္ဘာ့ဘဏ်၊ ယူနက်စကိုအစီရင်ခံစာတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးနှင့် စက်မှုလက်မှုလုပ်ငန်းများမှာ ယှဉ်တွဲလျက်ရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ နှစ်ပေါင်းများစွာအားနည်းခဲ့သဖြင့် အရည် အသွေးရှိသော ပညာရေးကိုဦးတည်၍ မည်သည့်ခွဲခြားမှုမျှ မရှိဘဲ သင်ယူမှုအခွင့်အလမ်းရရှိပြီး ကျောင်းသား ကျောင်းသူများနှင့် သင်ယူသူများကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းများရရှိစေရန်၊ လူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူတာဝန်ခံတတ်မှုနှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုများရှိအောင် ဦးတည်အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် ပိုမို ရင်းနှီးမြှုပ်နှံခြင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းစနစ်တို့ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့၍ သုတေသနလုပ်ငန်းများ ကိုလည်း အားပေးခဲ့ပါကြောင်း၊ ကျောင်း-စက်မှုလုပ်ငန်း နှင့် အများပြည်သူ - ပုဂ္ဂလိက ကဏ္ဍ မိတ်ဖက်ဆက်ဆံ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အလေးပေးဆောင်ရွက်ခဲ့ပါ ကြောင်း၊ တိုင်းရင်းသားဒေသများကို နည်းပညာ၊ ကွန်ပျူတာ ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံး ပစ္စည်းများကို နှစ်စဉ်ဦးစားပေး ပံ့ပိုးပေးခဲ့သော်လည်း သန့်စင်ခန်းများ၊ သောက်ရေ၊ သုံးရေများ၊ အခြေခံအဆောက် အအုံများ၊ ဆရာများ ဖြည့်ဆည်းပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ နှစ်စဉ်ပညာရေးအသုံးစရိတ်များကို တိုးမြှင့် သုံးစွဲနေသည့်အတွက် ပညာရေးဝန်ကြီးဌာနသည် မည်သည့် ပေးခြင်း/ယူခြင်းကိုမျှ လုံးဝခွင့်မပြုပါကြောင်း၊ အုပ်စုဖွဲ့၍ ကြီးနိုင်ငယ်ညှဉ်း ဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို လုံးဝခွင့်မပြုပါကြောင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသော ဆန္ဒ၊ ဝီရိယ၊ တည်ငြိမ်မှုနှင့် ပညာဆိုသည်မှာ အင်မတန်အရေးကြီး ပါကြောင်း၊ ရိုးသားမှု၊ ကြိုးစားမှု၊ တည်ငြိမ်မှုဖြင့် တစ်သက် တာ သင်ယူလိုစိတ်ရှိစေရန်အခြေခံကာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အင်္ဂလိပ်စာနှင့် အိုင်စီတီတတ်မြောက်မှုသည် သင်ယူရေးတွင် အရေးကြီးပါကြောင်း၊

အရည်အသွေးရှိသည့်ပညာရေးကို အကောင်အထည် ဖော်ရာတွင် မူဝါဒ၊ စံသတ်မှတ်ချက်များ သေသေချာချာ ချမှတ်ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ အမျိုးသားပညာ အရည်အချင်းမူဘောင်အရ မူလတန်းပြီးပါက Level-1 အဆင့်ဖြစ်၍ ရေးတတ်၊ ဖတ်တတ်၊ တွက်တတ်မည် ဖြစ်ကြောင်းနှင့် ကျန်းမာ၍ အာဟာရပြည့်ဝပါက အရည် အသွေးရှိသော ပညာရေးကို တစ်သက်တာသင်ယူနိုင်ပါ ကြောင်း၊ အခြေခံပညာသင်ယူသူတိုင်းကို အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်စေလိုပါကြောင်း၊ ယင်းမှာ SDG တွင် အရေးပါသော အညွှန်းကိန်းတစ်ခု ဖြစ်ပြီး သတ်မှတ်အညွှန်းကိန်းပြည့်မီရန် အရေးကြီးပါ ကြောင်း၊ Level 1 မှ Level 8 အထိ မှန်မှန်ကန်ကန် သတ်မှတ်ရန်လိုပါကြောင်း၊ အလယ်တန်းပြီးပါက Level-2 ဖြစ်ပါကြောင်း၊ အထက်တန်းပြီးပါကလည်း Level-3 ပြီးခြင်းဖြစ်ပါကြောင်း၊ Level-3 ပြီးသည့်အခါတွင် Level-4 မှာ တစ်နှစ်နှင့် တစ်နှစ်တာအတွင်း သင်ယူရသည့် Short Cycle ကာလတို Certificate သင်တန်းများဖြစ်၍ ယင်း အဆင့်၌ တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက် ခွင့်မရှိသေး ပါကြောင်း၊ Level-5 သည် ၁ နှစ် သို့မဟုတ် ၂ နှစ်အထိ တက်ရသည့် ဒီပလိုမာသင်တန်းများ သို့မဟုတ် အဆင့်မြင့် ဒီပလိုမာသင်တန်းများ ဖြစ်ပါကြောင်း၊ Level-6 သည် ရိုးရိုးဘွဲ့ဖြစ်ပါကြောင်း၊ Level-7 သည် မဟာဘွဲ့ဖြစ်ပါ ကြောင်း၊ Level-8 သည် ပါရဂူဘွဲ့ဖြစ်ပါ ကြောင်း၊ Level-3 ပြီးပါက Level-4 နှင့် Level-5 ကို ခုန်ပြီး Level-6 ကို တိုက်ရိုက်ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံအသီးသီးရှိ စနစ် များကို လေ့လာပါက အင်္ဂလန်တွင် GCE A ဖြစ်ပါကြောင်း၊ USA မှာဆိုရင် SAT ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံနှင့် ဂျပန် နိုင်ငံများတွင် National Exam ဖြစ်ပါကြောင်း၊ စင်ကာပူ နိုင်ငံတွင် Cambridge ၏ GCE A ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြစ်ပါကြောင်းနှင့် Level 6 အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် အားလုံး အတွက် မျှတသည့် အရည်အချင်းစစ်ဆေးအကဲဖြတ်မှု ဖြစ်ပါကြောင်း၊ စာမေးပွဲရလဒ် တစ်ခုတည်း မဟုတ်ဘဲ Social Skill ၊ Personal Skill များကိုပါ စစ်ဆေးအကဲဖြတ်နိုင် ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ Level-4 နှင့် Level-5 များကို နည်းပညာနှင့် သက်မွေးပညာကဏ္ဍ နှင့် Open University များတွင် တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို အများ ပြည်သူပိုင် ကျောင်းများနှင့် အဖွဲ့အစည်းများ၊ ပုဂ္ဂလိကပိုင် ကျောင်းများနှင့် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲနေသော နည်းပညာများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရည်အသွေးရှိ ထုတ်ကုန် များ၊ အရည်အသွေးရှိဝန်ဆောင်မှုများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် High Level Skill ရှိရန်လိုအပ် ကြောင်း၊ သို့မှာသာ အလုပ်အကိုင်ကောင်းများရရှိမည် ဖြစ်ပြီး ဝင်ငွေမညီမျှမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ High Level Skill ရရှိရန် အရည်အသွေး ရှိသောပညာ ရေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူတိုင်းသည် လုပ်ငန်းခွင်မဝင်ခင်၌ Job Training ရှိရန် လိုအပ်ပါကြောင်း နှင့် သီအိုရီ၊ လက်တွေ့နှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ပေါင်းစပ်ပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေရေး ဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်ကြီးများအနေနှင့် ပုဂ္ဂလိကပိုင်အဖွဲ့အစည်းများ ထူထောင်၍ ကျောင်းပညာ ရေး၊ နည်းပညာနှင့်သက်မွေးပညာရေး၊ အဆင့်မြင့်ပညာနှင့် သုတေသနလုပ်ငန်းများကိုပါ လုပ်ဆောင်၍ မိမိလုပ်ငန်း အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိအောင် တစ်သက် တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ ဖော်ဆောင် လုပ်ဆောင်ပေးရမည့် အချိန်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် မဝင်မီ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးရန် လိုအပ်ပါကြောင်း၊ ပြောင်းလဲတိုးတက်နေသော နည်းပညာ များနှင့်အညီ လုပ်ငန်းခွင်ဝင်ရောက် သူများကို Reskilling, Upskilling များနှင့် Continuous Professional Deve-lopment ရရန်အတွက် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍ တို့က ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

အခြေခံသုတေသန၊ အသုံးချသုတေသန၊ အများ ပြည်သူ-ပုဂ္ဂလိက ကဏ္ဍ၊ တက္ကသိုလ်-စက်မှုလုပ်ငန်း မိတ်ဖက်ဆက်ဆံခြင်း၊ နည်းပညာလွှဲပြောင်းမှုများနှင့် ဉာဏမူပိုင်ခွင့်များမှာ အရေးကြီးလာပါကြောင်း၊ အရည် အသွေးရှိသော သင်ကြားသင်ယူမှုတွင် High-Tech Lea-rning နှင့် High-Touch Learning တို့ကို ပေါင်းစပ်၍ ပေါင်းစပ်သင်ယူမှု (Blended Learning) သည် အရေးကြီး ပါကြောင်း၊ NQF မှ သတ်မှတ်ထားသော Level များကို လူတိုင်းမှန်ကန်စွာရွေးချယ်နိုင်ရေး ပညာရေးဝန်ကြီးဌာနက ရှင်းပြရန် တာဝန်ရှိပါကြောင်း၊ NQF အရ Level များကို တစ်ခုနှင့် တစ်ခု ကူးပြောင်းသင်ယူနိုင်သဖြင့် Credit Transfer System ကအရေးကြီးပါကြောင်းနှင့် ထိုသို့သင်ယူနိုင်ရန် အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုမှာ အရေးကြီး ပါကြောင်း၊ မိမိတို့ကျောင်း/အဖွဲ့အစည်များမှ မွေးထုတ် သည့် လူငယ်များ အလုပ်အကိုင်ကောင်းများရရှိရန် ပြည်တွင်း ပြည်ပ အရည်အသွေးအာမခံသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရည်အသွေးရှိပညာရေးကို အာမခံရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် အရည် အချင်းများဖြစ်သော အသိပညာဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထားအမြင်များ၊ တန်ဖိုးထားမှုများ၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်မှု၊ စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်မှုနှင့် တစ်ပါးသူကို စာနာပေးနိုင်မှုတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း။

NESP 2 သည် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်း များနှင့် လိုက်လျောညီထွေဖြစ်စေရန် တိုင်းရင်းသား လူငယ်များအားလုံး၏ ကျွမ်းကျင်မှုအရည်အသွေးများကို မြှင့်တင်ဆောင်ရွက်ပေးမည့် မဟာဗျူဟာစီမံကိန်း ဖြစ်ပါ ကြောင်း၊ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သည့် အရည် အသွေးရှိသော ပညာရေးစနစ်ဖော်ဆောင်ရန် အရေးကြီးပါ ကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးသည် တန်ဖိုးရှိသော ပူးပေါင်းဆောင်ရွက်မှုဖြစ်၍ အကြံဉာဏ်များ၊ ဆွေးနွေး ချက်များကို ပညာရေးဝန်ကြီးဌာနသို့ပေးပို့ပြီး သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများကလည်း ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာ သူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြု ခဲ့ကြသည်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကဏ္ဍ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရည်မှန်းချက်ပန်းတိုင်များကဏ္ဍ၊ စီးပွားရေးတိုးတက်မှု အတွက်ပညာရေး (၂၀၃၀) ကဏ္ဍ၊ အခြေခံပညာရေးကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့် ပညာရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၊ စီမံ ခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးမြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုကဏ္ဍတို့ကို ထည့်သွင်းရေးဆွဲ ထားပြီး အခြေခံပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာကဏ္ဍအသီးသီးတွင် ကျောင်းဝင်ခွင့် အခွင့် အလမ်း၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ စစ်ဆေး အကဲဖြတ်မှု၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေး အာမခံမှု၊ ဘဏ္ဍာ ငွေ၊ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေး စသည့် ခေါင်းစဉ် များဖြင့် ထည့်သွင်းရေးဆွဲလျက် အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်