ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၈

 

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းတင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်းများက Online စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယခုဆိုလျှင် မိမိတို့ ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့ရေးရာဌာနနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့အပြင် အခွန်အယူခံခုံအဖွဲ့ရုံးကိုပါ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်မှစ၍ ထပ်မံထည့်သွင်းဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်သည် COVID-19 ရောဂါကြောင့် ဝန်ထမ်းများ အားလုံး အတွက် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရသည့်နှစ်လည်း ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေးလုပ်ငန်းစဉ် များကို ယနေ့အချိန်ထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်နေရဆဲပင် ဖြစ်ပါကြောင်း။

ယခုကဲ့သို့ COVID-19 ကပ်ရောဂါ ကာလအတွင်းတွင် COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက်(COVID-19 Economic Relief Plan - CERP)အရ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ ခဲ့သည်မှာ ယခုစတုတ္ထအကြိမ်အထိဆိုပါက နိုင်ငံတော်ဘဏ္ဍာငွေမှ စုစုပေါင်း ထောက်ပံ့မှု ငွေကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံအထိ ရှိခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ ရသင့်ရထိုက်သည့်သူများကို ထောက်ပံ့နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရက မူများချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။

တိုင်ကြားစာဖြေရှင်းရေးဌာနများ ဖွင့်လှစ်

သို့သော် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခဲ့ရာတွင် တိုင်ကြားမှုနည်းပါးခဲ့သော်လည်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ချိန်တွင် တိုင်ကြားမှုများ ပိုမိုများပြားလာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် တိုင်ကြားစာဖြေရှင်းရေးဌာနများ ဖွင့်လှစ်ပြီး ဖြေရှင်းစိစစ်သည့် အခါတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသော်လည်း COVID-19 ကပ်ရောဂါကာလရှည်ကြာ လာ၍ အလုပ်အကိုင် အဆင်မပြေသည့် အိမ်ထောင်စုများ၊ ပြောင်းရွှေ့လုပ်သား များနှင့် တစ်ဦးချင်းတင်ပြတောင်းဆိုသည့် တိုင်ကြားစာ အရေအတွက်သည် ၉၀ ရာခိုင်နှုန်းနီးပါးရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါကိစ္စကို အမြန်ဆုံး ပြီးပြတ်နိုင်ရေးအတွက် ကျန်ရှိသည့် တိုင်ကြားမှုများကို စိစစ်လျက်ရှိပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြပြီး အဆုံးအဖြတ်ခံယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယင်းသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(COVID-19 Economic Relief Plan-CERP)ပါ လုပ်ငန်းစဉ်များအပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရ သည့် ဝန်ကြီးဌာန ဝန်ထမ်းများ၏ တာဝန်သိစိတ်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့မှုများကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ကျေးဇူးအထူးပင် တင်ရှိသည်ကို ဦးစွာပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအုပ်ချုပ်ရေးယန္တရား၏ အခြေခံကျောရိုးဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက် သို့ လွှဲပြောင်းဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့သည့်အချိန်ကစပြီး ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးယန္တရားဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် အထွေထွေ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်ရေးဆွဲပြီး အချိန်ဇယား Timeline သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုကဲ့သို့ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အချို့ သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ နှောင့်နှေးသွားခဲ့ရပါကြောင်း၊ သို့သော်လည်း ပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲ ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အချို့ကို နှောင့်နှေး ခြင်းမရှိဘဲ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တချို့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ လုပ်ငန်း လက်စွဲများကို ပြင်ဆင်ခြင်း၊ ပြုစုခြင်း၊ ဖြန့်ဝေခြင်းများကို ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ထပ်မံပြီး ပြင်ဆင်ရေးဆွဲနေခြင်းများလည်း ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဒုတိယ အကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထပ်မံပြင်ဆင်ထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ရပ်/ကျေး ဝန်ထမ်းများအနေဖြင့် သာမက ပြည်သူများပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ရန် များစွာ အရေးကြီးပါကြောင်း၊ သို့သော် ယင်းလုပ်ငန်းစဉ်များကို ပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ ကြောင်း၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ အကြံပြုချက်များအပေါ်တွင် မူတည်ပြီး ပြည်သူ့ဆန္ဒနှင့် ပိုမိုကိုက်ညီမည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ ပထမအဆင့်ဖြစ်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်စွဲစာစောင်ကို ပြုစုဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်ရွေးချယ်ခြင်းခံရမည့် အုပ်ချုပ်ရေးမှူးများကို လက်စွဲစာစောင်ပါ လုပ်ငန်း လမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ခေတ်ကာလနှင့်လျော်ညီသည့် ချီးမြှင့်ထောက်ပံ့ငွေပေးနိုင်ရေးအတွက် တင်ပြဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးအပိုင်းတွင်လည်း ပြည်သူ့ ဆက်ဆံရေး၊ မီဒီယာဆက်ဆံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး Onlineစနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ထပ်မံတင်ပြလိုသည်မှာ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်း ကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ ဖြင့် ပို့ချပေးနိုင်ရေးအတွက် ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်း ကျောင်းကို နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် “မူ”အားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် One State One Township စီမံကိန်းအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် မြို့နယ်များ ရှိသကဲ့သို့ COVID-19 ကာလအတွင်းတွင် အကောင်အထည်ဖော်မှု နှောင့်နှေးခဲ့ရသည့် မြို့နယ်များ လည်း ရှိခဲ့ပါကြောင်း၊ ယင်းကိုလည်း ပြန်လည်ဆန်းစစ်နိုင်ရန် အောင်မြင်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် မြို့နယ်အသစ်များ ထပ်မံရွေးချယ် ဆောင်ရွက်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေပါကြောင်း။

စံနမူနာပြဌာနဖြစ်ရန်လို

ထို့အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့်ဌာနဖြစ်သည့်အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနိုင်သည့် စံနမူနာပြဌာနဖြစ်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်နေသည့်ပြဿနာများကို အဖြေရှာနိုင် မည်ဖြစ်သကဲ့သို့ အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေ ဖော်ထုတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် ခရိုင်/မြို့နယ်အဆင့်တွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုအားကောင်းလာစေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအား အထောက်အကူပြုပေးနိုင်ရန်အတွက် ပြင်ဆင်ရန်လိုအပ် သည့် ဖွဲ့စည်းပုံများနှင့် လုပ်ငန်းတာဝန်များကို ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းများအားလုံး ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ရန်၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ် ပြီး လူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဂရုတစိုက်ဆောင်ရွက်ရန်၊ ပွင့်လင်း မြင်သာသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်

ယနေ့(၂)နှစ်ပြည့်မှသည် နောင်ကာလများအထိ ပြည်သူ့အကျိုးကို စိတ်ရင်း စေတနာမှန်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့်၊ ပြည်သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်လာရန် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သည့် အစိုးရအဖွဲ့ရေးရာဌာနကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးသိန်း ကိုလည်းကောင်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး နှင့် စပ်လျဉ်းသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို စွမ်းစွမ်းတမံ ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စား ညွှန်ကြားရေး မှူးချုပ် ဦးမြင့်သန်းကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ကူညီဆောင်ရွက်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့ ရုံးကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်လွင်ကို လည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် COVID -19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်း စဉ်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များတွင် စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသော နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနသည် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ကြိုဆိုလက်ခံနေရာချထား ရေးလုပ်ငန်းစဉ်များ စနစ်တကျကြီးကြပ် ကွပ်ကဲဆောင်ရွက်ပြီး အများပြည်သူသို့ သိရှိနိုင်စေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ခဲ့ခြင်း၊ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နေ့စဉ်ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် Electronic Document Management System(EDMS)ဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက် နိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ဗဟိုဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (မင်္ဂလာဒုံ) တို့တွင် ထူးချွန်ဆုရရှိသည့် ဝန်ထမ်းများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုမှတ်တမ်း တင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခေတ်အဆက်ဆက် သမိုင်းအကျဉ်းချုပ် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်