
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
l မြန်မာနိုင်ငံ ပုံတောင်ပုံညာဒေသမှာ လူဖြစ်လာ မယ့် အမ်ဖီသီးကပ်စ်လို့ခေါ်တဲ့ ပရိုင်းမိတ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းလေးဆယ်က နေခဲ့ ကြောင်း ဘူမိသိပ္ပံ ကမ္ဘာ့ပညာရှင်၊ မြန်မာ ပညာရှင်တွေက ဖော်ထုတ်ခဲ့တယ်။
l ဘီစီ ၆၀၀ မှာ ပျူလူမျိုးတို့က အရှေ့ကယန်း တို့က အနောက်၊ သက်လူမျိုးတို့က မြောက် အရပ်နဲ့ မွန်တို့ဟာ ဧရာဝတီလွင်ပြင်၊ စစ်တောင်း နဲ့ သံလွင်ချိုင့်ဝှမ်းလွင်ပြင် မြို့ရွာတွေမှာ တည်ထောင်ပြီး နေခဲ့ကြတယ်။ ဧရာဝတီ မြစ်ကြီးအနီး တကောင်း (Tagaung) မြို့ပြ တည်ခဲ့ရာ ရှေးမြန်မာဘုရင်တို့ဟာ တကောင်း ဒေသ လူထုထဲမှ ပေါက်ဖွားလာခဲ့တယ်။
l ပုဂံခေတ် အေဒီ ၁၁၉၀ ခန့်က တောင်ဂူနီဘုရား အတွင်း ကျောက်သားပေါ် (Stone tablet) မှာ “မြန်မာ” (မြန်ဆန်တောင့်တင်း) ဆိုတဲ့ စာသားကို တွေ့ရတယ်။ “ဗမာ” ဆိုတာ ကုန်းဘောင်ခေတ်မှာ ပေါ်ခဲ့တယ်။
l အေဒီ ၁၅၅ဝ ကျော်မှာ ဘုရင့်နောင်ဟာ ကမ္ဘောဇသာဒီနန်းတော်ကြီး တည်ဆောက်ပြီး နန်းစံခဲ့ပါတယ်။ အေဒီ ၁၇၅၂ ခုနှစ်မှာ အလောင်းမင်းတရားကြီးက ကုန်းဘောင်ခေတ် ကို တည်ထောင်၊ စည်းလုံးညီညွတ်မှုရှိအောင်၊ စပါးဆန်ရေပေါများအောင် ဆောင်ရွက်ခဲ့တယ်။ စာပေကျမ်းဂန်တွေ ထွန်းကားခဲ့တယ်။ အဋ္ဌာ ရသ တစ်ဆယ့်ရှစ်ရပ်နဲ့ ကိုယ့်မြေ၊ ကိုယ့်ရေနဲ့ ကိုယ့်နန်းတွင်းရေးတွေကို ဖြေရှင်း၊ ထိန်းချုပ် ကာကွယ်ခဲ့တယ်။
l ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘုရင်၊ ကိုယ့်သခင်နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဟာလည်း အာရှရဲ့ ပုလဲရတနာလိုတစ်မျိုး၊ ရွှေရောင်တဝင်းဝင်းနဲ့ ဘုရား စေတီတွေကိုပဲ ကြည့်ကြည့်၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းက လယ်ယာမြေတွေမှာ သီးမှည့်နေတဲ့စပါးနှံ တွေပဲ ကြည့်ကြည့် ကမ္ဘာမှာ ရွှေနိုင်ငံလို့ တစ်မျိုး အမည်ရနေပါတယ်။
l ၁၈၂၄-၂၆ ခုနှစ်တွေမှာ မြန်မာနိုင်ငံအောက်ပိုင်း ကစပြီး တစ်စတစ်စ ဗြိတိသျှနယ်ချဲ့အင်္ဂလိပ် လက်အောက်ရောက်မယ်လို့ ဘယ်သူတွေ တွက်ဆ သိနိုင်ခဲ့မလဲ။ မြော်မြင်တွေးကြည့်နိုင် တဲ့သူတွေ ရှိကောင်းရှိနိုင်ပါမယ်။ လွန်ခဲ့တဲ့နှစ် ၂၀၀ နီးပါးက အခြေအနေမှာလွန်စွာမှရှားပါးလိမ့်မယ်ဆိုတဲ့အချက်တွေနဲ့ ဒီဆောင်းပါးကို စချင်ပါတယ်။
အကြောင်းအရာ (၁)
၁၈၂၄ ခုနှစ်ကနေ ၁၈၈၅ ခုနှစ်တိုင် မြန်မာ နိုင်ငံ အောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ပဲခူး၊ ဟံသာဝတီ၊ ဟိုင်းကြီးကျွန်းအရေးကိစ္စတွေကို ဖြေရှင်းရတော့ ထိုစဉ်က ဘုရင်မင်းမြတ်တွေဟာ အားတွေကုန်၊ လမ်းကြောင်းတွေ တိမ်းစောင်းခဲ့ပါတော့တယ်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှာ အင်္ဂလိပ် စစ်သင်္ဘောတွေ မန္တလေးဆိပ်ကမ်းကို ဆိုက်ကပ်ပြီး ၂၉ ရက်မှာ သီပေါမင်းကိုနန်းချ၊ ဧရာဝတီမြစ် ကြောင်းကနေ သူရိယသင်္ဘောနဲ့ ရန်ကုန်ကနေ တစ်ဆင့် ရတနာဂီရိကို ပို့ခဲ့တယ်။
၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ရန်ကုန် မြို့၊ ဇန်နဝါရီ ၄ ရက်မှာ မန္တလေးမြို့တို့တွင် အိန္ဒိယဘုရင်ခံ ဒတ်ဖရင်လက်မှတ်ရေးထိုးတဲ့ ကြော်ငြာစာ −
“သီပေါမင်း အုပ်စိုးတော်မူသော မြန်မာ နိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများ သည် ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူလှ သော ဧကရီဘုရင်မမင်းမြတ်ဘုရား၏ နိုင်ငံနယ်မြေ ဖြစ်လေပြီး အသျှင်ဘုရင်မမင်းမြတ်ဘုရား အလိုတော် မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒိယ ဘုရင်ခံမင်းမြတ်က အခွင့်သင့်လျော်သည့်အခါ မှူးမတ် အရာရှိခန့်ထား၍ ၎င်းမှူးမတ်အရာရှိတို့က သာ အုပ်ချုပ်စီရင်လိမ့်မည်”
မြန်မာနိုင်ငံဟာ နယ်ချဲ့အင်ပါယာအတွင်း ကျရောက်၊ မြန်မာ့မြေပုံပျောက်၊ ကျွန်သပေါက် ဘဝသို့ ရောက်ခဲ့ရပါတယ်။ ဒါဟာ သမိုင်းတစ်ကွေ့ပဲ။ မြန်မာတို့ရဲ့ နန်းတွင်းအရေးတော်ပုံ အရှုပ်တွေရှိတာ ပြည်တွင်းရေးကိစ္စများပါပဲ။ သခင်မဲ့၊ အရှင်သခင်မဲ့ ဘဝနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစမရခဲ့တဲ့ကာလဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိလို့ ပြောရ ပါလိမ့်မယ်။
အကြောင်းအရာ (၂)
ရှေးဘုရင်တို့နဲ့ လူထုဟာ ပရိယာယ်၊ နည်းပရိ ယာယ်ဝေဝုစ်များလှတဲ့ ဗြိတိသျှတို့ကို နားလည်ဖို့ ခက်ခဲခဲ့ပါလိမ့်မယ်။ တိုင်းတစ်ပါးက ဝင်ရောက် ကယ်တင်သယောင်၊ ဝင်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာဟာ ကိုလိုနီနယ်ချဲ့၊ ကိုလိုနီလက်သစ် တို့ရဲ့ စရိုက်လက္ခဏာပါပဲ။ နယ်ချဲ့ရဲ့ပရိယာယ်ကို မမြင်နိုင်၊ မသိနိုင်ဖြစ်ခဲ့ရတဲ့ မြန်မာဘုရင်တွေနဲ့ မှူးကြီးမတ်ကြီးတွေ၊ နောက်လိုက်နောက်ပါတွေကို ပြစ်တင်ဝေဖန်ဖို့အကြောင်းမရှိ။ ကိုလိုနီသက်တမ်း ရှည်ရေး တောင်တန်းဒေသ Forntier Areas များ ဆိုပြီး မြန်မာပြည်မနဲ့ခွဲခြားပြီး သီးခြားဥပဒေတွေနဲ့ စီမံအုပ်ချုပ်တာတွေ့ရပါတယ်။
မူလကတည်းက တောင်တန်းဒေသကို မြေပြန့် နဲ့ ဥပဒေတွေပြဋ္ဌာန်းပြီး သွေးခွဲအုပ်ချုပ်ခဲ့တယ်။ ရှမ်းပြည်နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင်တန်းလူမျိုးစုများ စည်းမျဉ်း ဥပဒေ (Kachin Hill Tribes Regulation1896) ဆိုပြီး အုပ်ချုပ်ခဲ့တာကြောင့် ၂၀ ရာစု ပင်လုံညီလာခံ မှာ အဟန့်အတားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြည် ဒို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်ဒို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ”
အကြောင်းအရာ (၃)
ဗြိတိသျှနယ်ချဲ့အောက်ကျရောက်ခဲ့တဲ့ မြန်မာ တိုင်းရင်းသားတို့ဟာ စီးပွားရေးအရ ခေါင်းပုံဖြတ်မှု၊ နိုင်ငံရေးအရချုပ်ချယ်မှု၊ လူမှုရေးအရ ချိုးနှိမ်မှု တွေ့ကြုံခံစားရတဲ့အပြင် ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတို့မှာလည်း ညှိုးမှိန်လာတာ ကို သိမြင်လာတာမို့ အကောင်းအဆိုး၊ အကျိုးအပြစ် တို့ကို ပိုင်းခြားဝေဖန်နိုင်တဲ့ တိုင်းရင်းသားခေတ် ပညာတတ်လူငယ်တွေဟာ ၂၀ ရာစု ဆန်းစမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွား အတွက် နိုင်ငံရေးမျက်စိပွင့်လာခဲ့ပါတယ်။
၁၉၂၀ ပြည့်နှစ်ထဲမှာ ပေါ်ပေါက်ခဲ့တဲ့ မြန်မာအမျိုးသားပညာရေးလှုပ်ရှားမှုတစ်ရပ်ဟာ အမျိုးသား ရေးကိစ္စ၊ အမျိုးသားအကျိုးစီးပွား National Inter-est ကောင်းကျိုးအတွက် ဖြစ်ခဲ့တယ်။ ဒီလှုပ်ရှားမှု ဟာ အမျိုးသားရေးကိစ္စကို ဗဟိုပြုခဲ့တယ်။ ရန်ကုန် တက္ကသိုလ်အက်ဥပဒေဟာ မြန်မာတို့ လိုလားတဲ့ ပညာရေးဖြစ်မနေတာကြောင့် အင်္ဂလိပ်အစိုးရကို တောင်းဆိုတာဟာ လွတ်လပ်ရေးရဖို့ လှမ်းခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်ခဲ့တယ်။ ဒီလှုပ်ရှားမှု ကြီးမှာပါဝင်ခဲ့သူ ထိုခေတ်က ပညာတတ်တွေဟာ အမြော်အမြင်ကြီးမားကြောင်း တွေ့ရပါတယ်။
အိန္ဒိယအမျိုးသား ကွန်ဂရက်အသင်းကြီးရဲ့ အမျိုးသားရေးဆောင်ရွက်ချက်တွေ၊ ဆွန်ယက်ဆင် ရဲ့ မန်ချူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေက လွတ်လပ် လိုတဲ့ မြန်မာနိုင်ငံကို ဂယက်ရိုက်ခတ်လာတဲ့အပြင် ရုရှား - ဂျပန်စစ်မှာ ဂျပန်တို့ စစ်နိုင်တဲ့အချက် ကလည်း မြန်မာတွေကို စိတ်ဓာတ်တက်ကြွစေခဲ့ပါ တယ်။ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းတွေ အပေါ်ရောက်ဖို့ ဖန်လာတယ်လို့ သုံးသပ်လို့ရပါ တယ်။
“ဝိုင်အမ်ဘီအေ” ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းဟာ ၁၉၀၆ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တယ်။ ၁၉၁၁ ခုနှစ်မှာ အသင်းသားဦးရေတိုးတက် အခြေ ခိုင်လာတာနဲ့အမျှ သမဝါယမလုပ်ငန်းတွေ ကြီးပွား တိုးတက်အောင် ဆောင်ရွက်ဖို့၊ အရွယ်ရောက်သူတိုင်း မသင်မနေရ ပညာရေးဥပဒေပြဋ္ဌာန်းဖို့ အင်္ဂလိပ် အစိုးရကို တောင်းဆိုခဲ့တယ်။ လွတ်လပ်ရေးမရမီ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၂၀ ရာစု မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးကို ဦးဆောင်ခဲ့တာကတော့ ဂျီစီ ဘီအေ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ် ကြီးဖြစ်တယ်။ ၁၉၂၀ ကနေ ၁၉၃၀ အတွင်း ရှေ့ဆောင်လမ်းညွှန်ခဲ့တဲ့ အသင်းကြီးပဲ။
၁၉၁၉ ခုနှစ်လောက်မှာ ဝိုင်အမ်ဘီအေ အသင်းကြီးဟာ တစ်နိုင်ငံလုံးမှာ အသင်းခွဲပေါင်း ၂၀၀၀ ကျော် ရှိလာခဲ့တယ်။ ၁၉၂၀ ပြည့်နှစ်မှာ ဝိုင်အမ်ဘီအေကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာ အသင်းချုပ်ကြီး ဂျီစီဘီအေလို့ ပြောင်းလဲဖွဲ့စည်းပြီး အမျိုးသားရေးအကျိုးစီးပွားလှုပ်ရှားမှုကို ၁၉၂၀ ကနေ ၁၉၃၀ အတွင်း ရှေ့ဆောင်လမ်းညွှန်ခဲ့တဲ့ အသင်းကြီး ဖြစ်ခဲ့တယ်။
ဂျီစီဘီအေဟာ ၁၉၂၀ မှာဖြစ်ပွားတဲ့ University Boycott ကို အားပေးကူညီခဲ့တယ်။ ရန်ကုန်မြို့ ဂျူဗလီဟောမှာကျင်းပတဲ့ ဂျီစီဘီအေ အထူးကွန်ဖရင့် က ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို စတင်သပိတ် မှောက်တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ကို အမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ပေး ခဲ့တယ်။
မြန်မာတို့ ကိုယ်တိုင်ဘာတွေ
ပြင်ဆင်ကြရပါမလဲ−
အမျိုးသားပညာဝန်ဦးဖိုးကျား၊ ပီမိုးနင်း၊ ဇေယျ စသော ပညာရှင်တွေကလည်း လူငယ် လူရွယ်တို့ရဲ့ စိတ်ဓာတ်ရေးရာကို တည့်မတ်ပြုပြင်ပေးတဲ့စာတွေ ရေးသားပြီး မျက်လုံးဖွင့်ပေးခဲ့ကြတယ်။ တိုင်းတစ်ပါး ယဉ်ကျေးမှုကိုအထင်ကြီး လွဲမှားစွာ စံပြုနေကြတဲ့ သူတွေကို အတွေးအမြင်မှန်အောင် ရေးသားခဲ့ကြ တယ်။ တိုင်းတစ်ပါးလက်အောက်က လွတ်မြောက် လိုတဲ့ဆန္ဒပြင်းပြတဲ့ကာလ၊ လွတ်လပ်ရေးရဖို့ ဖြစ် ခဲ့ပါတယ်။ မိမိကိုယ်ကိုအားကိုး၊ အလုပ်ကိုတန်ဖိုး ထား၊ အမျိုးအနွယ်ကို စောင့်ရှောက်ထိန်းသိမ်း ကာကွယ်လိုစိတ် ပေါ်ပေါက်အောင်၊ မိမိတတ်နိုင်တဲ့ ဘက်က အများပြည်သူကို စောင့်ရှောက်ကူညီလို စိတ်ဖြစ်အောင် ရေးသားပြုစုခဲ့ကြတယ်။
အမျိုးသားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေမယ့် စာပေ တွေကိုဖတ်ရှုဖို့လိုကြောင်းနဲ့ စပ်လျဉ်းပြီး ဆရာကြီးဇေယျက- ‘ကျွန်ုပ်တို့သည် စာပေရေးသားရာ၌ လည်းကောင်း၊ စာပေဖတ်ရှု လေ့လာရာ၌ လည်းကောင်း၊ သတိကြီးစွာ ထားအပ်ပေသည်။ ဖေတော့မောင်တော့ စသော တဒင်္ဂမျှစိတ်ကြွစေပြီးနောက် ငေးမှိုင် တွေဝေ အားအင်ဖျော့တော့ ကြုံလှီ၍ သွားစေတတ်သော၊ ဘိန်းဘင်း ကဲ့သို့သော စာပေများနှင့်သာ ကျွန်ုပ်တို့အချိန်ကုန်၍နေမည်ဆိုသော် အမျိုးသားရေးယိမ်းယိုင်ပျက်စီးကြောင်း လမ်းဆွေးကြီးကို လိုက်နေ သည်နှင့်တူပေမည်။ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးရေးအတွက် အဟောသိကံတွေပဲ။
အို…လူငယ်မြန်မာတို့... ကိုယ့်နိုင်ငံရဲ့အတိတ် သမိုင်းကိုကြည့်၊ အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုကိုကြည့် သင်ခန်းစာယူပြီး ကောင်းမွေပေးနိုင်အောင် လုပ်ကြ။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ သမိုင်း၊ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုသမိုင်း၊ ကြီးပွားချမ်းသာမှုသမိုင်းတို့ကို နားလည်အောင်ဖတ်ကြရမယ်။ ကိုယ့်နိုင်ငံနဲ့ ယှဉ်ပြီးတော့လည်း သိအောင်လေ့လာကြ။ လုံ့လဝီရိယ၊ နည်းပညာ၊ ပညာအမြော်အမြင် နဲ့ပေါင်းစပ်၊ ဟန်ချက်ညီစွာ ကျင့်သုံးကြလော့။
လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ကြီးပွားမှု၊ ကျဆင်းမှုတို့ကလည်း ထိုလူ့အဖွဲ့အစည်း၊ ထိုတိုင်းပြည်ရှိ လူတို့ရဲ့ ဉာဏ်ဝီရိယနဲ့ စည်းလုံးညီညွတ်မှုအပေါ်မှာ ပဓာနအားဖြင့် မူတည်နေပုံကို လယ်တီဆရာတော်က-
“တစ်ယောက်၏ ဉာဏ်ဝီရိယသည် အင်အားရှိသလောက် အကျိုးဖြစ်ထွန်းစေနိုင်သည်၊ ထိုထက် နှစ်ယောက်ညီညာသော ဉာဏ်ဝီရိယသည်အား များစွာပါနေသည်။ ထိုထက် သုံးယောက် ညီညာသောဉာဏ်ဝီရိယ၊ ထိုထက်လေးယောက်၊ ထိုထက် ငါးယောက်၊ တစ်ကျိပ်၊ တစ်ရာ၊ တစ်ထောင် စသည်ဖြင့် အများညီညွတ်သော ဉာဏ်ဝီရိယသည်တိုင်းကို ကြံနိုင်သည်။ ပြည်ကိုကြံနိုင်သည်၊ ဤ ကဲ့သို့သောအရာများမှ ကံသည် ပဓာနမဟုတ်၊ အများညီညွတ်သော ဉာဏ်ဝီရိယသည် ပဓာနပေတည်း။”
အကြောင်းအရာ (၄)
ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းချုပ်ကြီးတို့ က အမျိုးစောင့် ဝံသာနုရက္ခိတ တရားပွားများအောင် ဆောင်ရွက်ချက်များသည် လည်းကောင်း၊ တို့ဗမာအစည်းအရုံး၏ နိုင်ငံရေးအမြင်ဖြင့် ဆောင်ရွက် ချက်များသည်လည်းကောင်း၊ သက်စွန့်ကြိုးပမ်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် လည်းကောင်း၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ထက်သန်ကြသော ရဲဘော်သုံးကျိပ်အမှူးပြုသည့် မျိုးချစ်များနှင့် ပြည်သူလူထုလက်တွဲပြီး နိုင်ငံရေးဆောင်ရွက်ချက်များသည် လည်းကောင်း မြန်မာနိုင်ငံ၏သမိုင်း မော်ကွန်းများ ဖြစ်ပါတယ်။ သူတို့ရဲ့ သာယာဝပြောမှု ကို ရှေ့တန်းမတင်၊ အနစ်နာခံ၊ နေ့မအား၊ ညမနားအားထုတ်ခဲ့သူတွေ ဖြစ်ပါတယ်။ အေးအတူပူအမျှ ငြိမ်းငြိမ်း ချမ်းချမ်းနေလိုတဲ့ဆန္ဒ၊ အမျိုးသားအကျိုး စီးပွားရှေးရှုတဲ့ ဝိသေသ၊ နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါဝါနဲ့ နေနိုင်တဲ့ လက္ခဏာတွေ က အဓိကဖြစ်လာတာတွေ့ရပါတယ်။
မြန်မာ့သမိုင်းကြောင်းမှာ အကြောင်းတရားတစ်ခုကြောင့် သို့မဟုတ် အကြောင်းအရာများစွာကြောင့် ပေါ်ပေါက်ခဲ့တဲ့အသင်း အဖွဲ့ကြီးတွေဟာ နိုင်ငံရေးအယူဝါဒကွဲပြားခြင်း အကြောင်းအရာ တစ်ခု၊ ခေါင်းဆောင်နိုင်သူအချင်းချင်း အားပြိုင်မှုနဲ့ အသင်းရန်ပုံ ငွေတွေ စီမံခန့်ခွဲမှုကိစ္စဟာလည်း အကြောင်းတရားများဖြစ်တာ ကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ပါတယ်။
ဂျီစီဘီအေဟာ ၁၉၃၀ ခန့်မှစ၍ နိုင်ငံ့အကျိုးအတွက် ထိရောက် စွာဆောင်ရွက်နိုင်ခြင်း မရှိတော့ချေ။ မူရင်းရည်ရွယ်ချက်၊ ရည်မှန်း ချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိအောင် ဂျီစီဘီအေကဆောင်ရွက် မပေးနိုင်ခဲ့ပေမယ့် အမျိုးသားရေးစိတ်ဓာတ်နဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တို့ကို တိုးတက်အခြေခိုင်လာအောင် အများဆုံးလှုံ့ဆော် ပေးခဲ့တဲ့ အဖွဲ့ကြီးဖြစ်ခဲ့ပါတယ်။
၁၉၃၀- ၁၉၄၀ ပြည့်နှစ် မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်ခဲ့တဲ့ အစည်းအရုံးကြီးက ဒို့ဗမာအစည်းအရုံးပဲ ဖြစ်တယ်။ ရည်မှန်းချက် တွေဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လုံးဝလွတ်လပ်ရေးရဖို့ကိစ္စဟာ မြန်မာတို့ကိုယ်တိုင် အမျိုးသားရေးတာဝန်တွေကို ထမ်းဆောင်ခွင့် ရဖို့ဖြစ်ခဲ့တယ်။ “ဗမာပြည်သည် ဒို့ပြည်- ဗမာစာသည်တို့စာ၊ ဗမာ စကားသည် တို့စကား၊ တို့ပြည်ကိုချစ်ပါ၊ တို့စကားကိုလေးစားပါ” ဆိုတဲ့ ကြွေးကြော်သံတွေဟာ ပြည်သူလူထုတိုင်းရင်းသားအပေါင်း တို့အား အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန်ကို တက်ကြွစေခဲ့တယ်။ တစ်တိုင်းပြည်လုံး အထိ တာသွားခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးဟာ အင်္ဂလိပ်အစိုးရကို ချောက်ချားစေခဲ့ပါတယ်။
၁၉၃၈ ခုနှစ်မှာ တို့ဗမာ အစည်းအရုံးဟာ၊ သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ဂိုဏ်းနဲ့ သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ ခေါင်းဆောင် တဲ့ဂိုဏ်းဆိုပြီး ကွဲသွားခဲ့ပေမယ့် သခင်လူငယ်အဖွဲ့ရဲ့ နယ်ချဲ့ဆန့်ကျင် မှုနဲ့ လွတ်လက်ရေးကြိုးပမ်းမှုတွေ အရှိန်မပျက် ဆက်လက်တိုးတက် ခဲ့တာတွေဟာ ထိုခေတ်က မျိုးဆက်သစ်လူငယ်တွေရဲ့ အမျိုးသား ရေးအကျိုးစီးပွားအတွက် ရှေးရှုခဲ့ကြလို့ ဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ တို့ဗမာအစည်းအရုံးက ဆင်းရဲသားဝံသာနုအဖွဲ့နဲ့ အခြားအဖွဲ့အစည်း တွေမှ ပုဂ္ဂိုလ်တွေ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ဗမာ့ထွက်ရပ်ဂိုဏ်းဟာ ဂျပန်နဲ့ ဆက်သွယ်ပြီး လူငယ်တွေကို ဂျပန်နိုင်ငံကို လျှို့ဝှက်စေလွှတ် ပြီး စစ်ပညာသင်ယူစေခဲ့ရာမှ ရဲဘော်သုံးကျိပ်ဆိုပြီးပေါ်ပေါက်ခဲပါ တယ်။ ညီညွတ်မျှတတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို နယ်ချဲ့အစိုးရဟာ ရိပ်စားမိပါလိမ့်မယ်။ ၁၉၄၁ ခုနှစ် မှာ တို့ဗမာအစည်းအရုံးကို အင်္ဂလိပ်အစိုးရ က မတရားအသင်းအဖြစ် ကြေညာခဲ့ပါတော့တယ်။ ဗမာ့ထွက်ရပ်ဂိုဏ်းဟာ မြေပေါ်လှုပ်ရှားမှု ကိုဆောင်ရွက်ပြီး အခြားတစ်ဖက်မှာလည်း ကွန်မြူနစ်ပါတီက ကလပ်စည်းတွေနဲ့ ပြည်သူ့အရေးတော်ပုံပါတီတို့ကို ဖွဲ့စည်းပြီး မြေအောက်လှုပ်ရှားမှုတွေကို ဆောင်ရွက်ကြောင်း တွေ့ရှိရ ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments