အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအပြီး ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံက ကန့်ကွက်

 

အကြိမ် (၄၀) နှင့်  (၄၁)  ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေးများကို  ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းနှင့် အဆိုပါအစည်းအဝေး များအပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ​တွေ့ရှိရပါသည်။ 

 


အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ တောင်းဆိုမှုအရ အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူ တန်းတူ ကိုယ်စားပြုရေး “မူ” နှင့် သွေဖည်၍  မြန်မာနိုင်ငံက   နိုင်ငံရေးအရ    ကိုယ်စားမပြုသည့်   ပုဂ္ဂိုလ်ကိုသာ   အကြိမ်(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစား လိုက်နာလျက်ရှိပြီး၊ တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် အာဆီယံ၏ အရေးကိစ္စရပ်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသဖြင့် ယခုကဲ့သို့ မြန်မာ နိုင်ငံအား တန်းတူရည်တူ မဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံသည့်လုပ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိသဖြင့် ဖော်ပြပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခြင်း မပြုခဲ့ပါ။

 


ယင်း တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များသည် ဖြစ်စဉ်အမှန်တရား နှင့် ကင်းကွာလျက်ရှိခြင်း၊   အာဆီယံ၏  တူညီဆန္ဒ(၅)ချက်အပေါ်  မြန်မာနိုင်ငံမှ ကြိုးစားအားထုတ် ဆောင်ရွက်ပေးခဲ့မှုများကို အပြုသဘောဆောင်ဖော်ပြမှုမရှိခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ခဲ့ခြင်းမဟုတ်သဖြင့်  မြန်မာနိုင်ငံအနေနှင့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချသည်။

 


မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်  တူညီဆန္ဒ(၅)ချက် အကောင် အထည်ဖော်ခြင်းကို   လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏   အထူးကိုယ်စားလှယ်နှင့်  အပြုသဘော နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်လျက် မြန်မာအစိုးရသည် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာလျက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်ပြီး၊ နိုင်ငံ့အကြီးအကဲကိုယ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိခြင်း၊   လူသားချင်းစာနာထောက်ထားမှု  အကူအညီများကို လိုအပ်သည့်နေရာများသို့ ခွဲခြားမှုမရှိဘဲ မျှတစွာပေးအပ်ရေးအတွက် အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း စသည့် သိသာထင်ရှားသည့် တိုးတက်မှုများစွာရှိသည်ကို လျစ်လျူရှုထားခြင်းအပေါ် များစွာစိတ်ပျက်မိပါသည်။

 


ထို့အပြင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့်အညီ နိုင်ငံ​တော်၏ တာဝန်ကိုထမ်း​ဆောင်လျက်ရှိသည့် မြန်မာ အစိုးရနှင့်   တပ်မ​တော်အား   ရည်ညွှန်း​​ဖော်ပြရာတွင်  မသင့်​လျော်သည့်  သုံးနှုန်း​ဖော်ပြချက်များကို ပြင်းထန်စွာ ကန့်ကွက်သည်။ 

 


ယင်းကဲ့သို့ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိသည့် NUG နှင့် PDF အမည်ခံ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ရန် ရည်ညွှန်းပြောကြားချက်များကို စိတ်ပျက်စွာ တွေ့ရှိရပါသည်။ ထိုကဲ့သို့ တရားမဝင်၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းသည် အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံရာ ရောက်သည့်အပြင် အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် ၂ ပါ  အခြေခံ “မူ”များကိုလည်းကောင်း၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းများကိုလည်းကောင်း ဖောက်ဖျက် ရာရောက်ပါသည်။ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့် မည်သည့်ပုံစံ၊ မည်သည့်နည်းလမ်းနှင့်မဆို ဆက်သွယ်ဆောင်ရွက်ရန် ကြိုးပမ်းခြင်းကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

 


တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ၊ အချိန် ကန့်သတ်ချက် ဖြင့် ဖိအားပေး၊   အကျပ်ကိုင်သည့်  ချဉ်းကပ်မှုမျိုးသည်  အကျိုးမရှိနိုင်သည့်အပြင်  လက်ရှိပူးပေါင်း ဆောင်ရွက်မှုများအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်သည်။ 

 


မြန်မာနိုင်ငံက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်နေမှုသည် တိုးတက်မှုမရှိဟု အကြောင်းပြ လျက် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်မှုကို ပိုမိုကန့်သတ်ပိတ်ပင်ရန် ကြိုးစားခြင်းသည် အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ခြင်းကို အတားအဆီးဖြစ်စေသည့်အပြင် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အရေးပါအရာရောက်မှု၊ မိသားစုစိတ်ဓာတ်ကို ပျက်ပြားစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ က အာဆီယံအဖွဲ့သို့ ဝင်​ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံအသိုက်အဝန်းအကောင်အထည် ဖော်မှုတွင်   မြန်မာနိုင်ငံက  တက်ကြွစွာ  ပါဝင်ဆောင်ရွက်ခဲ့မှုများကို  လျစ်လျူရှုမျက်ကွယ်ပြုခြင်းကို ဝမ်းနည်းစွာတွေ့ရပြီး ယင်းလုပ်ရပ်များသည် မြန်မာအစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်နေမှုကို အဟန့်အတားဖြစ်စေပါမည်။

 


အာဆီယံအစည်းအဝေးများတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်းကိုလည်း အာဆီယံပဋိညာဉ် စာတမ်း စာပိုဒ်(၂၀)ပါ “ဆွေးနွေးခြင်းနှင့် တူညီဆန္ဒ”ပါ အခြေခံမူများအတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်း “မူ”ကိုသာလျှင် လက်ခံသည်။ သို့ဖြစ်၍ ကာယကံရှင်နိုင်ငံ ပါဝင်ခြင်းမရှိသည့် ​ဆွေး​နွေးဆုံးဖြတ်ချက်များကို လက်မခံပယ်ချသည်။

 


အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို လေးစား လိုက်နာလျက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်သည်၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် အာဆီယံ၏ စည်းလုံးညီညွတ် မှုနှင့် ဗဟိုအချက်အချာကျပြီး အရေးပါအရာရောက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများသာ ဖြစ်စေမည် ဖြစ်‌ကြောင်း သတိပေးဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၁   ရက်