
ဘန်ကောက် နိုဝင်ဘာ ၁၀
ထိုင်းနိုင်ငံ အခွန်ဌာနသည် နိုင်ငံအတွက် အခွန်ပိုမိုကောက်ခံရရှိနိုင်ရေး ရည်ရွယ်၍ အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိစေရန် ဥပဒေကြမ်း ပြုစု ရေးဆွဲလျက်ရှိသည်။ ထိုင်းနိုင်ငံအခွန်ဌာနသည် ပြည်တွင်းနေ နိုင်ငံခြား ကုမ္ပဏီ/အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စာရင်းအချက်အလက် များ ဖလှယ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ထိုင်းနိုင်ငံအစိုးရအဖွဲ့သို့ အဆိုပြုတင်ပြရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု အခွန်ဌာန၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်တွင် ထိုင်းနိုင်ငံလွှတ်တော်က Multilateral Competent Authority Agreement on Automatic Exchange of Financial Account Information သဘောတူညီချက်ကို လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီး အဆိုပါ သဘောတူညီချက် အတည်ပြုပြီးနောက် အခွန်ဌာနအနေဖြင့် ထိုကဲ့သို့သော ဘဏ္ဍာရေး ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းကို အထောက်အကူ ပြုရန် ဥပဒေကြမ်းပြုစုရေးဆွဲခြင်းကို စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်တွင် ဘရူနိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ၁၁၇ နိုင်ငံရှိပြီး ဥပဒေစတင် အကျိုးသက်ရောက်ပြီးသည် နှင့် ထိုင်းနိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက်၌ ပါဝင်လက်မှတ် ရေးထိုးထားသည့် နိုင်ငံများနှင့်အတူ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းကို စတင် သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ လုပ်ဆောင်မှုသည် အခွန်ဆိုင်ရာ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်းနှင့် အခြားနိုင်ငံများနည်းတူ နိုင်ငံတကာစံနှုန်းများနှင့်အညီ အခွန်ကောက်ခံသည့် အလေ့အကျင့်များနှင့် စပ်လျဉ်း၍ မျှတသော ပြုမူလုပ်ဆောင်မှုအဖြစ် ရည်မှန်းထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှ ကောက်နုတ်ဖော်ပြချက်အရ သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊