
နေပြည်တော် ဒီဇင်ဘာ ၂၇
မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MAVO) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် Zoom Application ဖြင့် ကျင်းပ သည်။
တင်ပို့မှု ပိုမိုတိုးမြှင့်
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေးကို အားပေးမြှင့်တင်ဆောင်ရွက် လျက်ရှိသည့်နည်းတူ ပြည်ပသို့ တင်ပို့ရောင်းချသူများ၊ ပြည်ပမှ တင်သွင်းသူများနှင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများကို ဖြေလျှော့မှုများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထောပတ်သီးအပါအဝင် သစ်သီး ဝလံ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပ တင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် ဆက်လက်အားပေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသကဲ့သို့ မြန်မာနိုင်ငံမှ ထောပတ်သီး သုံးမျိုးကို ဗြိတိန်စျေးကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင်လည်း ရလဒ်ကောင်းများ ကြားသိ ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပူးပေါင်း ကူညီဆောင်ရွက်ပေးသော USAID, UKaid တို့ကဲ့သို့သော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ ထောပတ်သီးကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဝယ်လိုအားရှိသကဲ့သို့ အနောက်နိုင်ငံများ ဖြစ်သည့် ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများကလည်း ဝယ်ယူလိုမှုများရှိနေသည့်အပြင် ထောပတ်သီးအဆီကို လည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများက ဝယ်လိုအား ရှိသည်ဟု သိရှိရပါကြောင်း။
စျေးကွက်ရှာဖွေပေးခြင်းများ ဆောင်ရွက်
အလားအလာကောင်းများရှိသည့် သစ်သီးဝလံများကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်ကာလဖြစ်သော် လည်း အွန်လိုင်းမှသော်လည်းကောင်း၊ စီးပွားရေးသံမှူး များမှတစ်ဆင့်သော်လည်းကောင်း စျေးကွက်ရှာဖွေ ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် စျေးကွက်အသစ်များ တိုးချဲ့ရရှိရန် လိုအပ် သကဲ့သို့ ရရှိပြီးစျေးကွက်များကိုလည်း ထိထိရောက်ရောက် တင်ပို့သွားနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
အစည်းအဝေး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ်တို့က နှုတ်ခွန်းဆက်စကား ပြောကြား ခြင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူးက ထောပတ်သီး စျေးကွက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခြင်း၊ အသင်းမှတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းစဉ် များ ရှင်းလင်းတင်ပြခြင်းများနှင့် စာတမ်းဖတ်ကြားခြင်း များ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တာဝန်ရှိ သူများ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ တင်ပို့ရောင်းချ သူ ကုမ္ပဏီများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်