(၄၃) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၉


(၄၃)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (43rd ASEAN SENIOR OFFICIALS MEETING ON DRUG MATTERS)ကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Intercontinental Kuala Lumpur ဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံမူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သော  မြန်မာကိုယ်စားလှယ်အဖွဲ့ ခုနစ်ဦး  တက်ရောက်ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံအခြေစိုက် ဩစတြေးလျနိုင်ငံသံရုံး၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာ ရုံးကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့် လည်းကောင်း၊  Online စနစ်ဖြင့် လည်းကောင်း၊ ကိုယ်စားလှယ် ၁၀၄ ဦး အသီးသီး တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန Secretary General YBhg. Dato’ Sri Wan Ahmad Dahln bin Haji Abdul Aziz နှင့် မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး တိုက်ဖျက် ရေးအဖွဲ့(NADA) ညွှန်ကြားရေးမှူးချုပ် Mr. Sutekno AhMad  Belon  တို့က   အမှာစကားပြောကြား၍ စတင်ဖွင့်လှစ်ပြီး   အာဆီယံဒေသအတွင်း   မူးယစ် ဆေးဝါးတားဆီး   ကာကွယ်ရေးနှင့်   ပတ်သက်၍ တားဆီးနှိမ်နင်းရေးလုပ်ငန်း၊ ကြိုတင်ကာကွယ်ရေး နှင့် အသိပညာပေးရေးလုပ်ငန်း၊ ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

 


အာဆီယံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ က  သက်ဆိုင်ရာနိုင်ငံများအလိုက်  မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးရာ    မြန်မာနိုင်ငံ  ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင်    တရားဝင်ထုတ်ပြန်ခဲ့သည့်   အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်တွင်    ပါဝင် သည့် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုး ဖွံ့ဖြိုး ရေး၊     သုံးစွဲမှုလျှော့ချရေးနှင့်   နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊       နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများ  တိုးမြှင့်ရေး၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေး ဆိုသည့် လုပ်ငန်းကဏ္ဍ(၅)ရပ်နှင့်အညီမူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊     မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများ ဆောင် ရွက်ခဲ့မှု   ၂၀၂၁ ခုနှစ်အတွင်း  အမေရိကန်ဒေါ်လာ ၆၀၆ သန်းကျော်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ  ၃၀  ရက်အထိ    အမေရိကန်ဒေါ်လာ ၃၉၃ သန်းတန်ဖိုးရှိ     မူးယစ်ဆေးဝါးများ၊   မူးယစ် ဆေးဝါးချက်လုပ်ရာတွင်   အသုံးပြုသည့်  ဆက်စပ် ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း၊  အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မှုအနေဖြင့်  မြန်မာ - ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MoU)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ် တောင်ပိုင်းတွင်   အစားထိုး   ဖွံ့ဖြိုးမှုစီမံကိန်းကို  ဆောင်ရွက်လျက်ရှိပါကြောင်း၊     ရှည်လျားသော  နယ်နိမိတ်ထိစပ်နေပြီး ထိန်းချုပ်ရန်ခက်ခဲခြင်းတို့အပေါ်    အခွင့်ကောင်းယူကာ   ဓာတုပစ္စည်းများ၊  မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့  တရား မဝင်  နည်းလမ်းမျိုးစုံနှင့်   ဝင်ရောက်လျက်ရှိနေမှု၊ မြန်မာနိုင်ငံသည် ဓာတုပစ္စည်း   အများဆုံးထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးသည့် နိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်း နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေ ဖြင့်   ဓာတုပစ္စည်းများ  လမ်းလွဲမရောက်ရှိစေရေး  အထူးအလေးထား  ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 


 မြန်မာနိုင်ငံအနေဖြင့် INCB ၊ UNODC ရန်ကုန် မြို့ အခြေစိုက် UNODC ၊ AFP ၊ DEA ၊ NNCC ၊ ONCB တို့နှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုများကြောင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို   ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့်    ဆွေးနွေးဖက်နိုင်ငံများအကြား   တွေ့ဆုံ ဆွေးနွေးမှုများ     ပြုလုပ်ခဲ့ရာ    (၇)ကြိမ်မြောက် အာဆီယံ-တရုတ်ဆွေးနွေးညှိနှိုင်းခြင်း အစည်းအဝေး တွင် မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က တရုတ်နိုင်ငံနှင့်အတူ      ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး (၄၄) ကြိမ်မြောက်  အာဆီယံမူးယစ် ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးကို ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်ဖြင့်  မြန်မာနိုင်ငံသို့   ပြန်လည်ရောက်ရှိခဲ့ကြောင်း  သိရ သည်။                          

သတင်းစဉ်