
မန္တလေး နိုဝင်ဘာ ၈
(၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ် (တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်) ယနေ့ညနေပိုင်းတွင်ပြင်ဦး လွင်မြို့ ဓမ္မရတီကုန်းမြေပေါ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်း ပြည့်ဘုရားကြီး (ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တပ်မတော်အရာရှိကြီး များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံ ပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ ပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက် ရောက်ကြသည်။
ဦးစွာ နိုင်ငံကျော်အနုပညာရှင် များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ကျောင်း သား ကျောင်းသူလေးများက ‘‘ပြင်ဦးလွင်မီးပုံးပျံပွဲတော်’’ သီချင်း ဖြင့် “ပြင်ဦးလွင်မှ ကြိုဆိုပါ၏” စာတန်း သရုပ်ဖော်ဖျော်ဖြေ ကပြ တင်ဆက်ပြီး အောင်ပွဲအထိမ်း အမှတ်အဖြစ် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ လွှတ်တင်မည့် မီးပုံးပျံအား နာယကကြီးများ၊ ဦးစီးကော်မတီများ၊ လုပ်ငန်း ကော်မတီများက မီးစာထွန်းညှိ၍ လွှတ်တင်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပွဲတော်အောင်မြင် ခြင်း အထိမ်းအမှတ် အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးပုံးပျံပြိုင်ပွဲနှင့် အားကစားပွဲများ တွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြပြီး အောင်ပွဲ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်း များ ပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ (၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ကို နိုဝင်ဘာ ၄ ရက်မှ ယနေ့အထိ ကျင်းပရာ ပွဲတော်ကာလ၌ မဟာ အံ့ထူးကံသာဘုရားအား မသိုး သင်္ကန်း ဆက်ကပ်ပူဇော်ခြင်း၊ ဘုရားရင်ပြင်တော်တွင် ဆီမီး ကိုးထောင် ထွန်းညှိပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်း စသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး စိန်နားပန် မီးပုံးပျံများနှင့် ညမီး ကျည် မီးပုံးပျံများ လွှတ်တင်ပြိုင်ပွဲ၊ နေ့အရုပ်လှမီပုံးပျံများ လွှတ်တင် ပြိုင်ပွဲ၊ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီ ဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲ စသည့် ပျော်ပွဲ ရွှင်ပွဲများလည်း ကျင်းပခဲ့သည်။
ထို့အပြင် ပွဲတော်လာပြည်သူ များကို နိုင်ငံကျော်အနုပညာရှင် များ၊ မန္တလေးမြို့ ကျက်သရေ ဆောင် မြို့မတူရိယာအဖွဲ့နှင့် ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့ များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး အစားအသောက်နှင့် လိုအပ် သည့် ပစ္စည်းများ ဝယ်ယူနိုင်ရန် အတွက်လည်း စားစရာအစုံ အလင်နှင့် လူသုံးကုန်ပစ္စည်း မျိုးစုံ ပါသည့် ဆိုင်ခန်းများ၊ ကုမ္ပဏီ အရောင်းပြခန်းများကိုပါ ဖွင့်လှစ် ရောင်းချပေးကြောင်း သတင်း ရရှိသည်။ သတင်းစဉ်