
ပေါက်ပေါက်
မဲဇလီဆိုသည်မှာ ရွက်ပေါင်းအရွက်ရှိ၍ အဝါရောင်အပွင့်များ အချိန်လိုက်ဖူးပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး စသည်ကို ဟင်းလျာအဖြစ်စားသုံးပြီး အရသာခါး၍ ဆေးဖက်ဝင်သည်) ဟု မြန်မာ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ထူပါရုံစေတီကျောက်စာပေါ်တွင် ရေးထွင်းထားသော မှတ်တမ်းစာအရ ရှေးယခင်က မဲဇလီပင်ကို “မည်ဇရီပင်” ဟုခေါ်ရာမှ အသံထွက်အလိုက် မယ်ဇရီဖြစ်လာသည်။ ထို့နောက် ကာလကြာသည့့်အခါ မယ်ဇရီ မှ မယ်ဇလီ-မဲဇလီ ဟူ၍ အဆင့်ဆင့် အသံထွက်ပြောင်း၍ ခေါ်ဝေါ်လာခဲ့ကြသည်။ နေရာဒေသပေါ်မူတည်ပြီး အချို့က မဉ္စူရီပင်ဟု ခေါ်ကြသလို ကချင်လူမျိုးတို့က မယ်ဂျူရီပင်ဟု လည်းကောင်း၊ ရှမ်းလူမျိုးတို့က မယ်ပဉ္စလီဟုလည်းကောင်း၊ ကရင်လူမျိုးတို့က ပီတစ်ခါလဟု လည်းကောင်း ခေါ်ဆိုကြသည်။ မဲဇလီဖူးသည် နုချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး ရင့်လာသည့်အခါ အညိုရောင် ပြောင်းသွားတတ်သည်။
မဲဇလီပင်နှင့် တန်ဆောင်မုန်းလ
မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကို လည်း ချန်ထား၍မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းဘောင် ခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်ညသို့ရောက်တိုင်း မဲဇလီဖူး ခူး၍ သုပ်စားကြသည့် အစဉ်အလာများ ရှိခဲ့၍ဖြစ်သည်။ တန်ဆောင်မုန်း ဟူသော အရေးအသားကို လေ့လာကြည့်သည့်အခါ ပုဂံခေတ်ကျောက်စာ များတွင် “တန်ဆောင်မှုန်” ဟုရေးထိုး၍ တန်ဆောင်မှုန်းဟု အသံ ထွက်ဆိုခဲ့ကြသည်။ “ မိုက်မှောင်လွင့်ပြုန်း၊ တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တကား။ ဟထိုးပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်းသာ ခုထင်ရှား” ဟူသော စပ်ဆိုထားခြင်းက တန်ဆောင်မုန်း၏ ဖြစ်စဉ်ကို ပေါ်လွင် သိရှိနိုင်သည်။ “တန်ဆောင်” ဆိုသည်မှာ ဆီမီး၊ မီးရှူး၊ မီးတိုင်ဖြစ်၍ “မှုန်း” ဆိုသည်မှာ ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍ အဓိပ္ပာယ် ရသည်။ ထို့ကြောင့်လည်း မြန်မာ့ ၁၂ လရာသီတွင် တန်ဆောင်မုန်း လသည် အထွန်းလင်း၊ အတောက်ပဆုံးနှင့် အသာယာဆုံး လတစ်လဟု ဆိုနိုင်သည်။ မြန်မာ့သမိုင်းမှတ်တမ်းများအရ ဗိဿနိုးနတ်မင်းကြီး သည် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်နေ့မှစ၍ အိပ်စက်ရာ တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ နိုးထလာသဖြင့် တန်ဆောင်မုန်းလ ကို “နတ်နိုးလ” ဟု ခေါ်ဆိုကြောင်းလည်း လေ့လာမှတ်သားရသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က ရာဇဂြိုဟ် ပြည့်ရှင် အဇာတသတ်မင်းနှင့် အပေါင်းပါတို့အား သာမညဖလသုတ် ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ည တွင် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုးကင်းစင်သဖြင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာတစ်စုံ ထွန်းလင်းနေသည်။ မပီဝိုးဝါး သေးမွှားသည့် ကြတ္တိကာကြယ် (ခေါ်) ဖျောက်ဆိပ်ကြယ်စုလေးများပင် လင်းလက်ခွင့်ရသော ညတစ်ညဖြစ်သည်။ မဇ္စျိမဒေသမှလာသည့် သာရကောမုဒိ ဆေးကျမ်းအရ တန်ဆောင်မုန်း လပြည့်ညသန်းခေါင်ယံလမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာ နက္ခတ်နှင့် စန်းယှဉ်၍ ပုဏ္ဍာတိထီ(ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင်အပေါင်းကို စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြသည်ဟု ဆိုသည်။
ထို့ကြောင့် ထိုအချိန်တွင် မဲဇလီကို ဆေးဖက်ဝင်အောင် စီရင်ခြင်း ကို အချိန်အခါကောင်းတစ်ရပ်ဟု ဆိုကြသည်။ ထိုသို့စီရင်ရာတွင် လမင်းကြီး တိတိကျကျ ပြည့်ဝန်းနေချိန်တွင် အရှေ့ဘက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကို စုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို စားသုံးရသည်။ ကျန်သော အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့ နေရိပ်မှာအခြောက် လှန်းအမှုန့်ပြု၍ နေ့စဉ် စားသုံးပေးသွားရမည်။ ဤသို့စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည်စေကြောင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီတိတိအချိန်တွင် ဆေးပေါင်းခသည့်ည၏ အမြင့်ဆုံး၊ အစွမ်းအထက်ဆုံးအချိန်ဟု သတ်မှတ်ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကို ဖော်စပ် လေ့ရှိကြသည်။
မဲဇလီနှင့်ကျန်းမာရေး
မဲဇလီပင်သည် ရုက္ခဗေဒအမည်အရ Cassiasiamea Linn မျိုးရင်း ဖြစ်သည်။ ၁၀၀ ဂရမ်အလေးချိန်ရှိသော မဲဇလီဖူးနှင့် အရွက်တို့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ကယ်လိုရီ ၁၀၀၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ ၁ မီလီဂရမ်၊ သံဓာတ် ၁၇ မီလီဂရမ်၊ ဗီတာမင် အေအိုင်ယူ ၁၄၅၀၀၊ ဗီတာမင်ဘီဝမ်း ဝ ဒသမ ၄ မီလီဂရမ်၊ ဗီတာမင် ဘီတူး ဝ ဒသမ ၆၉ မီလီဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁၀၁ မီလီဂရမ် စသည်တို့ အသီးသီးပါရှိကြောင်း သိရသည်။ ထို့အပြင် ဟင်းသီးဟင်းရွက်များတွင် ရှားရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, fla-vonoids နှင့် steroids များလည်း ပါရှိသည်။
ချို၊ ဆိမ့်၊ ဖန် အရသာသုံးမျိုး ရောပြွမ်း၍ ခါးသက်သက်အရသာ လွှမ်းမိုးသော မဲဇလီပင်မှာ အာပေါဓာတ်ကြီးစိုး၍ ဝါယောဓာတ်လည်း ပူးတွဲပါရှိသောကြောင့် ရှေးတိုင်းရင်းသမားတော်ကြီးများက အိပ်မပျော် ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရှူပြွန်ချောင်း ရောင်ခြင်း၊ ချောင်းခြောက်ဆိုးခြင်းစသော ရောဂါများအတွက် မြန်မာ့ရိုးရာဆေးမြီးတိုအဖြစ် ကုသပေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၌မူ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိသည်။
မဲဇလီပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများမှာ
u သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကို သုပ်၍ စားက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်သည်။
u ပါးစပ်အတွင်း အပူထွက်ခြင်း၊ သွားဖုံးရောင်ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက်သာပျောက်ကင်းနိုင်သည်။
u မျက်စိနာခြင်းအတွက် မဲဇလီမြစ်ကိုသွေး၍ မျက်စိတစ်ဝိုက် ကွင်းပေးပါ။
u ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်းအတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့်ပြုတ်၍ သောက်ပေးခြင်းဖြင့် ဝမ်းရပ်တန့် ပါလိမ့်မည်။
u ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်းနာခြင်းတို့အတွက် မဲဇလီရွက် နှင့် မုရားကြီးရွက်တို့ကို ဆတူရော၍ သုံးခွက်တစ်ခွက်တင် ကြိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။
u ကလေးများ ဝမ်းဗိုက်အတွင်း သန်ကောင်ထပါက မဲဇလီရွက် လတ်လတ်ဆတ်ဆတ်ထောင်းရည် (သတ္တုရည်)နှင့် သံပုရာရည် ရောစပ်တိုက်ပေးခြင်းဖြင့် သန်ကျစေနိုင်သည်။
u ဝမ်းချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူးကိုပြုတ်၍ တို့စရာ အဖြစ် စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်သည်။
u ကင်း၊ ပုရွက်ဆိတ်စသော အဆိပ်ရှိသတ္တဝါများ အကိုက်ခံရပါက မဲဇလီရွက်ကိုကြိတ်၍ ဒဏ်ရာပေါ်အုံပေးပါက အဆိပ်ပြေ စေသည်။
u နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပုရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံခြင်း၊ မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေး ခြင်းတို့ ပြုလုပ်ပေးပါ။
u အမျိုးသမီးများ မျက်နှာပေါ်တွင် မီးယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့မဟုတ်) အရွက်ကို အခြောက်လှမ်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်းပေးပါ။
u မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက်ကို အခြောက်လှမ်း အမှုန့် ကြိတ်၍ဖြစ်စေ ပျားရည်နှင့်ရောစပ်စားပေးပါက သွေးသား သန့်စင်၍ အားအင် ပြည့်ဖြိုးစေသည်။
u မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်း အားကောင်းစေသည်။
u အစာခြေစနစ်ကို ကောင်းမွန်စေရုံသာမက ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ကို သက်သာစေသည်။
u ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို ဖြည့်တင်း ပေးပြီး ကိုယ်ခန္ဓာကြီးထွားမှုကို ကောင်းစွာ အထောက်အပံ့ ပေးသည်။
u အူမကြီးကို ကောင်းစွာအလုပ်လုပ်စေ၍ ဝမ်းပျော့ပျော့သွားစေ သည်။ ထို့ပြင် အူမကြီးနှင့်အူသိမ်အူမများထဲရှိ တုပ်ကောင်၊ သန်ကောင်စသော ကပ်ပါးကောင်များကို ဖယ်ရှားပေးပြီး အူကိုသန့်စင်စေသည်။
u ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ် ကို ကောင်းကျိုးပြုသည်။
u သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်အသစ်များကို တိုးပွားစေ၍ သရက်ရွက်ကို ကျန်းမာစေသည်။
u မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိ မကောင်းသောဓာတ်များကို လောင်ကျွမ်းစေသည်။
u အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ပိုလီဖီနော ဓာတ်များပါရှိသဖြင့့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်သင်ဖယ်ရှားပေးနိုင်ပြီး အူမကြီး ကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါများ မဖြစ်စေနိုင်ပါ။
u မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ရောဂါကို ကာကွယ်ပေး၍ မွေးဖွားလာသော ကလေး များတွင် ပိုလီယိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မဲဇလီဖူးကို မဖြစ်မနေ စားသုံးသင့်ပါသည်။
u ဓာတ်ခွဲစမ်းသပ်ချက်များအရ မဲဇလီဖူး၊ အရွက်၊ အပွင့်ထဲတွင် ပါရှိသော အာဟာရဓာတ်များက ဟင်းနုနွယ်တွင်ပါရှိသော အာဟာရဓာတ်များနှင့် အလားတူကြောင်း သိရသည်။
ဆေးဖက်ဝင်သော မဲဇလီဖူးသုပ်
မြန်မာအိမ်ရှင်မများသည် တန်ဆောင်မုန်းလပြည့်နေ့တွင် နံနက် ကတည်းက စျေးထဲမှ မဲဇလီဖူး အစည်းလေးများဝယ်လာပြီး မိသားစုကို သုပ်ကျွေးလေ့ရှိသည်။ တစ်ခါတစ်ရံ မဲဇလီဖူးများ စျေးထဲတွင် ပြတ်လပ် သွားတတ်၍အချို့အိမ်ရှင်မများက လပြည့်နေ့မတိုင်ခင်ကတည်းက ကြိုတင် ဝယ်ထားတတ်ကြသည်။
မဇ္စျိမဒေသမှ သာရကောမုဒိဆေးကျမ်းတွင်မူ လမင်းကြီး ပြည့်ပြည့်ဝဝ ပြည့်ဝန်းနေချိန်တွင် အရှေ့ဘက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်တို့ကို စုံလင်အောင် ဆွတ်ခူးယူ၍ ချက်ချင်းသုပ်စားရမည်ဟု ဆိုသည်။ သို့သော် မြို့ပြနေသူများအဖို့ မဲဇလီပင်နှင့် လက်တကမ်းတွင် မရှိနိုင်သောကြောင့် စျေးထဲမှ မဲဇလီဖူးများကိုသာဝယ်၍ အိမ်မှာအသုပ်လုပ်ကာ အချို့ကလည်း ည ၁၂ နာရီမှာ စားကြသလို အများစုကတော့ အဆင်ပြေသည့်အချိန် စတိသဘော သုပ်စားကြသည်။
မည်သို့ပင်ဆိုစေကာမူ အရသာက မဆိုသလောက် ခါးသက်သက် ဆိမ့်ဆိမ့်လေးဖြင့် ဆေးပေါင်းခသည့် မဲဇလီဖူးသုပ်ကို ကျား၊ မ မရွေး နှစ်ခြိုက်ကြရာ တန်ဆောင်တိုင်ကာလမှာသာမက ရာသီမရွေး သုပ်စားနိုင်ပါသည်။
မဲဇလီဖူးသည် နုချိန်မှာ အစိမ်းဖျော့ရောင်ဖြစ်ပြီး ရင့်လာသည့် အခါ အညိုရောင်ပြောင်းသွားတတ်သည်။ ထို့ကြောင့် မဲဇလီဖူးသုပ်စားရန် အစိမ်းဖျော့ရောင် အဖူးလေးများကို ရွေးချယ်ပါ။ မဲဇလီဖူးကို အစိမ်း ရည်များ ထွက်လာသည်အထိပြုတ်ပြီး ရေအေးမှာ စိမ်ထားပါ။ ပြီးလျှင် ပါးပါးလှီးပါ (သို့မဟုတ်) အသီးလေးများကို လေးစိတ်ကွဲအောင် မညက်တညက်ထောင်းပါ။ ဇလုံကြီးကြီးတစ်ခုထဲတွင် ထောင်းထား သော မဲဇလီဖူးများထည့်၍ ဆီချက်(ဆီ)၊ ကြက်သွန်နီ၊ ပုစွန်ခြောက် မှုန့်၊ မြေပဲထောင်းမှုန့်၊ နှမ်း၊ ဆား၊ အရသာဟင်းခတ်မှုန့်တို့ဖြင့် ရောနယ်ပါ။ ပြီးလျှင် သံပုရာသီးလေးညှစ်ထည့်ပါ။ ပြီးလျှင် ကြက်သွန်နီဆီချက် အဖတ်ဖြူး၍ စားနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုသော် တစ်နှစ်မှတစ်ကြိမ်သာ ကြုံရသည့် မြန်မာတို့၏ တန်ဆောင်မုန်းလပြည့်ညတွင် မိသားစုများ ပျော်ရွှင်စွာ ဝိုင်းဖွဲ့ကာ မဲဇလီဖူးသုပ်စားကြရင်း ရောဂါဘယကင်းဝေးကြပါစေ ကြောင်း ဆုတောင်းဆန္ဒပြုပါသည်။ ထို့ပြင် တန်ဆောင်မုန်းလပြည့် ညတွင် ကာလသားများက အိမ်တကာ (သို့မဟုတ်) လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုသည်သည် နေရာရွှေ့ကာ စနောက်ကျီစယ် လေ့ရှိကြသည့် ကျီးမနိုးပွဲ ဝါစောရပွဲသည်လည်း ချစ်စရာ့မြန်မာ့ရိုးရာ ဓလေ့တစ်ခုဖြစ်သောကြောင့် အရိုးပေါ်အရွက်မဖုံးစေဘဲ အမုန်းကို ရှောင်၍ ပြုံးပျော်နားလည်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း လိုက်ရပါသည်။ ။
- Log in to post comments