
မိတ္ထီလာ နိုဝင်ဘာ ၅
မိတ္ထီလာမြို့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်၏ အကြိမ် ၃ဝ ပြည့် မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ နှစ်ရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ညိုထံက သိရ သည်။
“မိတ္ထီလာကန်အလယ်မှာ တည်ထား ကိုးကွယ်တဲ့ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်ရဲ့အကြိမ် ၃ဝ ပြည့် မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့နဲ့ တန်ဆောင်မုန်းလပြည့်နေ့ နှစ်ရက် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မီးကြာလွှတ် မျှောပူဇော်လိုတဲ့ ဘုရားဖူးလာရောက်သူများ ကို မီးကြာခွက် သုံးခွက်ကို ကျပ် ၁၀၀၀နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မနှစ်က တန်ဆောင်တိုင်ပွဲတော် ကာလမှာ တော့ မီးကြာမျှောပွဲကို ဖြစ်တယ်ဆိုရုံပဲ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်တော့ မီးကြာ ခွက်အရေအတွက်လည်း အခုရေ ၅ဝဝဝ ပြုလုပ်ထားတာမို့ ဒီနှစ်မီးကြာလွှတ်မျှော ပူဇော်ပွဲက မနှစ်ကထက် ပိုပြီးစည်ကားမှာ ပါ”ဟု အဆိုပါ စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ညိုက ပြောသည်။
မိတ္ထီလာ - ကျောက်ပန်းတောင်းကား လမ်း မိတ္ထီလာကန်ကူးတံတား၏ တောင် ဘက်ရှိ မိတ္ထီလာကန်အလယ်တွင် တည်ထား ကိုးကွယ်သော မိုးကောင်းအန္တကူရေလယ် စေတီတော် မီးကြာလွှတ်မျှောပွဲကို နှစ်စဉ် တန်ဆောင်တိုင်ပွဲတော်ကာလတွင် ကျင်းပ လေ့ရှိပြီး ဘုရားဖူးလာရောက်သူဒေသခံများ နှင့် ရပ်နီးရပ်ဝေးမှဧည့်သည်များက အဆိုပါ မီးကြာလွှတ်မျှောပူဇော်ပွဲတွင် အေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲလေ့ရှိကြောင်း သိရ သည်။
ချမ်းသာ (မိတ္ထီလာ)