
ရန်ကုန် နိုဝင်ဘာ ၃
ယခုသီတင်းပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ အာလူး၊ ကြက်သွန်ဖြူ၊ မတ်ပဲနှင့် ပဲစင်းငုံနီ ဈေးနှုန်းများ ကျဆင်းလာခဲ့ပြီး ပေါ်ဆန်းသစ်များ ဈေးကွက်စတင်ဝင်ရောက်လာခဲ့သည်။ မြစ်ဝငရုတ်ပွမှာမူ အနည်းငယ် ဈေးမြင့်တက်လာသည်။
စားအုန်းဆီ
ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာ ၄၂၂၅ ကျပ်နှုန်းရှိလာရာ ယခင်အပတ်ထက် ရည်ညွှန်းဈေး တစ်ပိဿာ ၅၀ ကျပ် မြင့်တက်လာသည်။ နိုဝင်ဘာ ၂ ရက် ရန်ကုန်ဆီဈေးကွက်၏ လက်ငင်းအလှယ် လက်ကားပီပါဈေးမှာ တစ်ပိဿာကျပ် ၆၃၅၀ နှုန်း ရှိနေသည်။
ဆန်
ပေါ်ဆန်းရင် အသစ်များ ရန်ကုန်ဈေးကွက်သို့ လက်ကား တစ်အိတ် ကျပ် ၅၀၀၀၀ ဝန်းကျင်ဖြင့် စတင်ဝင်ရောက်လာသည်။ ဖျာပုံကောက်ညှင်း ဆန်အသစ်မှာ ယခင်အပတ်ကကျပ် ၇၈၀၀၀ နှုန်းရှိရာမှ ယခုရက်တွင် ကျပ် ၈၄၀၀၀ နှုန်းသို့ ဈေးမြင့်တက်လာသည်။ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင်ကျပ် ၈၅၀၀၀- ၉၁၀၀၀၊ ပုသိမ်မြောင်းမြပေါ်ဆန်းကျပ် ၆၀၀၀၀- ၆၅၀၀၀ ၊ ဖျာပုံပေါ်ဆန်းကျပ် ၅၇၀၀၀- ၆၀၀၀၀၊ ပေါ်ကျွဲဆန်ကျပ် ၄၈၀၀၀၊ ရက်၉၀ ဆန်ကြမ်းရှယ်တစ်အိတ်ကျပ် ၄၆၀၀၀၊ သီးထပ် ဆန်ကြမ်းတစ်အိတ်ကျပ် ၄၃၀၀၀၊ မိုးဆန်ကြမ်းအသစ် တစ်အိတ်ကျပ် ၄၁၀၀၀၊ ဆန်ကွဲတစ်အိတ်ကျပ် ၃၈၀၀၀ နှုန်းရှိနေသည်။
ကြက်သွန်နီ
ရန်ကုန်ကြက်သွန်နီဈေးကွက်သို့ ကြက်သွန်နီပိဿာ ၁၅၀၀၀၀ ခန့် နိုဝင်ဘာ ၂ ရက်၌ ဝင်ရောက်လာခဲ့ပြီး ဈေးနှုန်းများမှာ ဆိပ်ဖြူ လက်ကားတစ်ပိဿာကျပ် ၃၁၀၀ မှ ၄၁၀၀ ၊ မြင်းခြံကံဆင့်တစ်ပိဿာ ကျပ် ၃၆၀၀ မှ ၄၄၀၀ ဈေးနှုန်းရှိကြောင်း သိရသည်။
ကြက်သွန်ဖြူ /အာလူး
ကြူကုတ် ကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ကျပ် ၃၇၅၀- ၃၈၀၀ ကျပ်ရှိရာမှ နိုဝင်ဘာ ၂ ရက်တွင် ကျပ် ၃၅၅၀ နှုန်းသာရှိသည်။ ရှမ်းအောင် ပန်း ကြက်သွန်ဖြူလက်ကားတစ်ပိဿာကျပ် ၂၉၀၀ မှ ၄၀၀၀ နှုန်းရှိသည်။ တရုတ်အာလူးလက်ကားတစ်ပိဿာကျပ် ၁၉၅၀-၂၀၅၀ ရှိပြီး ရှမ်းအောင် ပန်းအာလူးမှာတစ်ပိဿာကျပ် ၁၄၀၀ မှ ၁၇၀၀ နှုန်းရှိသည်။
ပဲအမျိုးမျိုး
နိုဝင်ဘာ ၂ ရက်တွင် မတ်ပဲ (FAQ/RC) တစ်တန်ကျပ် ၁၇၄၈၀၀၀၊ (SQ)တစ်တန်ကျပ် ၂၀၇၃၀၀၀ ၊ ပဲစင်းငုံနီ (Red/RC) တစ်တန်ကျပ် ၁၉၅၀၀၀၀၊ ကုလားပဲခြမ်းတစ်ပိဿာကျပ် ၄၁၅၀-၄၃၀၀နှုန်း ရှိနေသည်။
ငရုတ်
နိုဝင်ဘာ ၂ ရက်တွင် တရုတ်စက ငရုတ်ပွအသစ်များ လက်ကား တစ်ပိဿာကျပ် ၂၄၅၀၀ နှုန်းဖြင့် ရန်ကုန်ငရုတ်စျေးကွက်သို့ စတင် ဝင်ရောက်လာသည်။ ရှမ်းငရုတ်ရှည်အသစ် လက်ကားတစ်ပိဿာ ကျပ် ၁၈၀၀၀- ၁၈၅၀၀ ၊ ရှမ်းမိုးထောင်အသစ်ကျပ် ၁၆၀၀၀၊ ရှမ်းဗူးဆို့ ငရုတ်ပွအသစ်၂၀၅၀၀ ကျပ်နှုန်းရှိသည်။
အောင်ခင်နိုင်