
နေပြည်တော် နိုဝင်ဘာ ၂
အာဆီယံဒေသတွင်းနိုင်ငံများမှ ကလေးသူငယ်များအပေါ် အွန်လိုင်း အန္တရာယ်မှ အကာအကွယ်ပေးရေးဆိုင်ရာ အိုင်စီတီဖိုရမ် (2022 ASEAN ICT Forum on Child Online Protection) ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင် ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေး သူငယ်အခွင့် အရေးများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာ များမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ လူငယ်များ နှင့်အတူ Online ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ဖိုရမ်တွင် အရှေ့တောင်အာရှနိုင်ငံများရှိ ကလေးသူငယ်များOnline အသုံးပြုရာတွင် ရရှိနိုင်သည့် ဆိုးကျိုးများနှင့် ကာကွယ်တားဆီးနိုင်ရန် အချက်များကို Session များခွဲ၍ အသေးစိတ် ဆွေးနွေးကြပြီး ကလေး သူငယ်များအပေါ် အွန်လိုင်းမှ အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားမှုပုံစံ များ ကာကွယ်ခြင်းဆိုင်ရာ ဒေသစီမံချက်လှုပ်ရှားမှုကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် အာဆီယံ၏ဦးဆောင်မှုဖြင့် ကလေးသူငယ်များ နှင့် လူငယ်လူရွယ်များ၊ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရများ၊ ICT ကုမ္ပဏီ များအကြား အပြန်အလှန် အမြင်ချင်းဖလှယ်ကာ အသိပညာဆွေးနွေး မျှဝေကြသည်။
အဆိုပါဖိုရမ်ကို အမျိုးသမီးများနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံကော်မရှင် (ASEAN Commission on the Promotion and Protection of the Rights of Women and Children-ACWC) ဩစတြေးလျ၏ e-လုံခြုံရေး ကော်မရှင်နာ၊ ဩစတြေးလျ ရှေ့နေချုပ်ဌာနနှင့် FCPAT အပြည်ပြည် ဆိုင်ရာတို့က UNICEF ၏ ပံ့ပိုးကူညီမှုဖြင့် နိုဝင်ဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်