
နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၂ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၇ ထရီလီယံဝန်းကျင်အထိ မြင့်တက် ခဲ့ပြီး ၂၀၂၁ ခုနှစ်၏ ကာလတူတွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ တစ်ထရီလီယံခန့်သာ ရှိခဲ့သည်။ ဤသို့ ကုန်သွယ် မှုတန်ဖိုး မြင့်တက်ခဲ့ခြင်းသည် ၂၀၂၂ ခုနှစ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီစျေးနှုန်းများမြင့်တက်လာခြင်း၊ ငွေဖောင်းပွနှုန်းများမြင့်တက်လာခြင်း၊ အတိုးနှုန်းများမြင့် တက်လာခြင်းနှင့် တခြားဖွံ့ဖြိုး ဆဲနိုင်ငံများတွင် ကြွေးမြီကိစ္စများရှိလာနိုင်ခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဒုတိယနှစ်ဝက်ကာလများနှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်သွယ်မှုအခြေ အနေမှာ မူလကခန့်မှန်းထားသည့်အတိုင်း ဖြစ်လာနိုင်ဖွယ်မရှိဘဲ နှေးကွေးလာနိုင်ဖွယ်ရှိကြောင်းဟု ခန့်မှန်းထားကြသည်။
သို့သော်လည်း နိုင်ငံတကာကုန်သွယ်မှုအနေဖြင့် အစား အသောက်နှင့် စွမ်းအင်ကဏ္ဍထွက် ပစ္စည်းများမှာ မဖြစ်မနေလိုအပ် ချက်ကြောင့် ဝယ်ယူတင်သွင်းမှုများရှိနေသဖြင့် ကုန်သွယ်မှုတန်ဖိုး အနေဖြင့် မြင့်တက်နိုင်ဖွယ်ရှိသော်လည်း ကုန်သွယ်မှုပမာဏမှာ ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းနိုင်ဖွယ်ရှိကြောင်း သိရ သည်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများမှပင်လျှင် တင်သွင်းမှု ပမာဏများ လျော့နည်းလာဖွယ် ရှိကြောင်း၊ ရုရှား - ယူကရိန်းဖြစ်စဉ်ကြောင့် ဥရောပနိုင်ငံများတွင် စက်သုံးဆီစျေးနှုန်းများမြင့်တက်ခဲ့၍ ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကျ စရိတ်များ မြင့်တက်လာခြင်းကြောင့် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုတွင် တင်းကျပ်သည့် ငွေကြေးမူဝါဒကြောင့် အတိုးနှုန်း မြင့်မားခြင်းသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ်တွင် များစွာအကျိုး သက်ရောက်မှုများရှိနေခြင်းကြောင့် လည်းကောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်ကပ်ရောဂါကြောင့် ထုတ်လုပ်မှုကဏ္ဍတွင်ကျဆင်းနေခြင်း များကြောင့်ဟု ခန့်မှန်းလေ့လာထားသည်ကို တွေ့ရသည်။ အခြား တစ်ဖက်တွင် အစားအသောက်ကုန်စည်များ ကုန်သွယ်မှုတိုးတက်များပြားလာခြင်းသည် နောင်တွင် အစားအသောက်မလုံလောက်မှု/ ပြတ်လတ်မှုအခြေအနေများ ကြုံတွေ့နိုင်ကြောင်း သုံးသပ်ထားသည် ကို တွေ့ရသည်။
သို့ဖြစ်၍ ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေကြရသည့် အဆိုပါပြဿနာ များကို စည်းဝါးကျကျ ဟန်ချက်ညီညီ ကိုင်တွယ်ဖြေရှင်းနိုင်ရေးသည် နိုင်ငံတိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာလျက် ရှိကြောင်း တင်ပြလိုက်ရသည်။
ရင်းမြစ်-indoasiancommodities.com/ wto.org