
မြင့်ဦး (မြိတ်)
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းမှာတည်ရှိသော ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခု မြန်မာ့ဇာတိသွေးကိုကမ္ဘာသို့ ပြဖို့ မာန်တင်ရာ အောင်မြေနင်းရာလည်းဖြစ်သည့် ဓားသွေးချောင်းသို့ အလည်တစ်ခေါက်တော့ သွား ရောက် လေ့လာသင့်ပါတယ်လို့ ဖိတ်ခေါ်ပါရစေ။
မောလို့ မောမှန်းမသိစိတ်အပန်းလည်း ပြေစေ
ထိုနေရာကတော့မြိတ်မြို့ကနေ သွားမယ်ဆိုရင် မိုင် ၅၀ ခန့် ကွာဝေးပြီးခံ့ညားထည်ဝါစွာ တည် ဆောက်ထားသည့် တံတားကြီးနံဘေးညာဘက်၊ တနင်္သာရီမြို့အဝင် ညာဘက်ကတ္တရာလမ်း၊ တနင်္သာရီမြစ်ကြီးတစ်လျှောက်အတိုင်းဝင်ရောက် သွားရပါတယ်။ တနင်္သာရီမြစ်ကြီးတစ်လျှောက်မိနစ် ၂၀ ခန့် သွားရောက်ပြီး ဘယ်ဘက်လူသွား လမ်းလေးအတိုင်း ဥယျာဉ်လေးထဲကနေ တောင်တက်တောင်ဆင်းသွားရောက်ရပါတယ်။ ဥယျာဉ် ထဲကနေ ဖြတ်သန်းသွားလာရတဲ့အတွက် မောလို့ မောမှန်းမသိစိတ်အပန်းလည်း ပြေစေပါတယ်။
ထိုဥယျာဉ်လမ်းလေးအတိုင်း မိနစ် ၃၀ ခန့် သွားမိပြီးဆိုရင်တော့ ချောင်းရိုးအသေးလေးကို စတင်တွေ့ရပါမယ်၊ ဆက်လက်ကာ ချောင်းနံဘေးတောင်ကုန်းပြေပြေလေးအတိုင်းတက်ကာ ၁၀ မိနစ် ခန့်အကြာလောက် သွားမိပြီးဆိုရင်ဖြင့် ဗလခြိုက် ပုံသဏ္ဌာန်ချောင်းရေထဲက ကျောက်တုံးလေးတွေကို တွေ့ရပါမယ်။
ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်း
တောင်ပေါ်ကနေ အနိမ့်အမြင့်အတက်အဆင်း အလိုက် ရေတံခွန်ပုံသဏ္ဌာန် တသွင်သွင်စီးဆင်းနေ တဲ့ ဒီဓားသွေးချောင်းဟာ အမြင့်မှာတစ်မူထူးခြားလှ ပါတယ်။ အနီးဝန်းကျင်မှာလည်း တောင်ကုန်း တောင်တန်းလေးနဲ့ စိမ်းစိုလှတဲ့အတွက် ဘဝ အမောတွေကို ပြေပျောက်စေပါတယ်။ အေးစိမ့် နေတဲ့ ချောင်းလေးကို ထပ်မံကူးခတ်ချိုးလိုက်မယ် ဆိုရင်တော့ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်း ကာ အနာဂတ်ကိုစိန်ခေါ်နိုင်စေလောက်တဲ့ အားအင် မျိုး ရရှိစေပါတယ်။
ရှေးဟောင်းသမိုင်းဝင်စေတဲ့ ဒီဓားသွေးချောင်း ရဲ့ ရာဇဝင်ကို ပြန်လည်းဆန်းစစ်ကြည့်မယ်ဆိုရင် တော့ ကြက်သီးထလောက်အောင် ဇာတိသွေး ဇာတိမာန်ကိုကြွစေပါတယ်။ တနင်္သာရီသားတို့ အတွက် ဂုဏ်တက်စေသလို အမြဲရင်ထဲကိန်းဝပ် စေရာ ဝင့်ထည်စွာဇာတိသွေးဇာတိမာန်ကို အားမာန်အပြည့်ဖြင့် ပြောချင်စရာပါ။
ကမ္ဘာမျက်နှာစာမှာ သမိုင်းဝင်စေတဲ့အကြောင်း ကို လေ့လာကြည့်ရင်တော့ဘုန်းမီးနေလ၊ ဘုန်း တန်ခိုးလက်ရုံးရည်၊ နှလုံးရည်နဲ့အစစအရာရာ ပြည့်စုံလှတဲ့ မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်သည့် အလောင်းမင်းတရားကြီး (ဦးအောင်ဇေယျ) မင်းလက်ထက်မှာ မြန်မာပြည်အောက်ပိုင်းကို အကြိမ်အကြိမ် ဝင်ရောက်နှောင့်ယှက်နေတဲ့ ယိုးဒယားသား၊ ယိုးဒယားနိုင်ငံ (ယခုထိုင်းနိုင်ငံ) ကို တော်လှန်တိုက်ခိုက်ဖို့ ဒီတနင်္သာရီမြို့နယ်ထဲ ရောက်ရှိလာခဲ့ပါတယ်။
ဒီတနင်္သာရီမြို့နယ်ထဲ အောင်မြေနင်းရောက်ရှိ ချိန်မှာ တနင်္သာရီမြစ်နံဘေး တောင်ကုန်းတောင် တန်းကြားက တသွင်သွင်စီးဆင်းနေတဲ့ ချောင်းမှာ ရှိတဲ့ ထူးခြားလှတဲ့အရောင်အဆင်း အနက်ရောင် ရှိတဲ့ကျောက်တုံး၊ ကျောက်စိုင်မှာ ယိုးဒယားကို စစ်တိုက်ဖို့ ချီတက်လာတဲ့အလောင်းမင်းတရား ကြီးနဲ့အတူပါလာတဲ့ စစ်ကဲ၊ စစ်ဗိုလ်၊ စစ်သည် တွေက တစ်ထောက်နားကာ ဒီချောင်းထဲက ကျောက်စိုင်၊ ကျောက်တုံးတွေမှာပါလာတဲ့ ဓားလှံ တွေကို အားမာန်အပြည့်ထည့်ကာ သွေးခဲ့ကြပါတယ်။
ချောင်းရေထဲမှာရှိတဲ့ သဘာဝကျောက်စိုင်၊ ကျောက်ခဲတွေပေါ် ဘယ်လောက်လူအင်အားများများနဲ့ သွေးခဲသလဲဆိုတာမခန့်မှန်းနိုင်ပေမယ့်၊ ကျောက်စိုင်ကျောက်တုံး ထိုးထိုးထောင်ထောင် တွေက တော်တော်လေးကိုခွက်ဝင်သွားလောက်အောင် (ဗလခြိုက်ပုံသဏ္ဌာန်) အရာထင်ကျန်ခဲ့တာ ကတော့ ယနေ့ထိတိုင် သမိုင်းအမွေအနှစ်အနေနဲ့ ထင်ကျန်လျက် ရှိပါတယ်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဟာ ယိုးဒယားကို စစ်တိုက်ဖို့အတွက် ကရင်ပြည်နယ် က ဘုရားသုံးဆူတောင်ကြားလမ်းနဲ့ တနင်္သာရီ တိုင်းမှာကတော့ ထားဝယ်၊ ပုလော၊ မြိတ်၊ တနင်္သာရီ လမ်းကြောင်းတို့ကနေ ကုန်းလမ်းခရီးနဲ့ချီတက်ခဲ့ ရာမှာ တနင်္သာရီတိုင်းအတွင်းက ခရီးလမ်း တစ်လျှောက် ခရီးတစ်ထောက်ရပ်နား၊ ညအိပ်ခဲ့တဲ့ နေရာတွေမှာ ရွာအမည်အဖြစ်နဲ့ တွင်ကျန်ရစ်ခဲ့ ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။
ယနေ့တိုင်တည်ရှိနေ
(ဥပမာအနေနဲ့ ပုလောမြို့နယ်မှာ ထမင်းမစား ရွာ၊ မင်းထိန်းရွာနဲ့ ပုလောနဲ့မြိတ်ကြားမှာ အောင်ဇေ ယျရွာနဲ့ စေတီတစ်ဆူရှိပါတယ်။ မြိတ်နားမှာတော့နန်းတော်ရာရွာနဲ့တညက်ရွာ) စတဲ့ရွာအမည်တွေ အဖြစ်နဲ့ ယနေ့တိုင်တည်ရှိလိုနေပါတယ်။
ယခင်ကနှစ်စဉ် ပွင့်လင်းရာသီအချိန်အခါမှာ တိုင်းဒေသကြီးအတွင်းသာမက အနယ်နယ် အရပ်ရပ်မှ ခရီးသွားဧည့်သည်တွေပါ ဒီတောတောင်၊ ဥယျာဉ်တွေကြားက ဓားသွေးချောင်းကိုလာရောက် ကာ တောရိပ်တောင်ရိပ်ခိုရင်း၊ သစ်ပင်ရိပ်အောက် မှာ အနားယူအပန်းဖြေရင်း ပျော်ရွှင်စွာရေဆော့ ကစားကြပါတယ်။ အပန်းဖြေအနားယူသူတွေ အတွက်လည်း ကြည့်ရမြင်ရတာကလည်း စိတ် ပျော်ရွှင်ကြည်နူးရစေပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ တနင်္သာရီရှေးဟောင်းသမိုင်းဝင်မြို့နဲ့ ဒီဓားသွေး ချောင်းကိုပြည်တွင်း၊ ပြည်ပခရီးသွားဧည့့််သည်တွေ ကို သမိုင်းအမွေတည်ရှိတဲ့ ဒီဒေသကို ပြသလည်ပတ် စရာနေရာခရီးစဉ်တစ်ခုအနေနဲ့ ထည့်သွင်းဖို့ လိုအပ်ပါတယ်။
စိတ်ဝင်တစား လာရောက်လေ့လာ
ယခင်က နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်မှာ တည်ရှိတဲ့ ချောင်းကြီးဘုန်းတော်ကြီးကျောင်း တိုက် စုပေါင်းမဟာဘုံကထိန်ပွဲတော်နဲ့အတူ ချောင်းကြီးမြစ်နဲ့ ချောင်းငယ်မြစ် မြစ်နှစ်သွယ်မှာရှေးဟောင်းသမိုင်းဝင် နဂါးလှေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ တနင်္သာရီသားတို့ပျော်ရွှင် စွာ ကျင်းပနေမှုတွေကို အနယ်နယ်အရပ်ရပ်မှခရီးသွားတွေအပြင် ထိုင်းနိုင်ငံတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူတွေလည်း စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြပါ တယ်။
နဂါးလှေသဘင်ပွဲတော်မှာ တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပါ တယ်။ ရှေးမြန်မာမင်းတွေလက်ထက်က ရေခင်း သဘင်ပုံစံနဲ့ ကျင်းပခဲ့ရာမှာ နဂါးလှေတော်များ စွာရှိခဲ့ပြီး ကောဇာသက္ကရာဇ် ၅၁၅ ခုနှစ်တွင် တနင်္သာရီမင်းဖြစ်သော ဗျန်စက္ကပိတ်မင်းကြီး လက်ထက်မှ စတင်ပေါ်ပေါက်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ နှစ်ပေါင်း ၈၆၆ နှစ်အထိ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် မြိတ်ကျွန်းစုဒေသရှိ နာမည်ကြီးကျွန်း ခရီးစဉ်တွေကို လည်ပတ်ရင်းနဲ့ တနင်္သာရီမြို့မှာ တည်ရှိတဲ့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရားစေတီတွေဖြစ်တဲ့ နဝထပ်၊ မြဝတ်ဆင်၊ ဝင်္ဂဘာ၊ လေသာနန်းဦးစေတီတော်တွေကိုလည်း ဖူးမြော်နိုင် တဲ့အပြင် မြန်မာတို့ရဲ့ ဇာတိသွေးဇာတိမာန်ကို နိုးထစေတဲ့ သမိုင်းဝင်ဓားသွေးချောင်းသို့ အနယ်နယ် အရပ်ရပ်မှ ခရီးသွားဧည့်သည်တွေ အခွင့်အခါ သင့်ရင် အလည်အပတ်အဖြစ် တစ်ခေါက်လောက် တော့ လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ။ ။
- Log in to post comments