
(၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်)
ကြွရောက်လာကြတဲ့ ဧည့်သည်တော်အားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း ပန္နက်တင် အခမ်းအနားမှာ အမှာစကားပြောကြားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒီနေ့အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။
တောင်ပိုင်းဆိုင်ရာ မူဝါဒသစ်ကော်မတီ (New Southern Policy Committee) ဥက္ကဋ္ဌဖြစ်သူ Mr. Park Bokyeong နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa တို့ကို နွေးထွေးစွာ ကြိုဆိုပါတယ်။
ပြည်သူပိုင်မြေကို ထိရောက်စွာအသုံးပြုပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် စေရန် ယခုကဲ့သို့ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် ကိုရီးယားမြေနဲ့ အဆောက်အဦ ကော်ပိုရေးရှင်းနဲ့ Global Sae-A Co., Ltd တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ယနေ့ ကြွရောက်လာကြသူအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုများဟာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖို့၊ မြန်မာပြည်သူများအတွက် သာယာ ဝပြောစေဖို့သာမက မြန်မာနဲ့ ကိုရီးယား နှစ်နိုင်ငံလူများအကြား ချစ်ကြည်ရေး အားကောင်းစေလာဖို့အတွက်ဆိုတာ သံသယရှိဖွယ် မရှိပါဘူး။
ယနေ့အခမ်းအနားဟာ စက်မှုဇုန်စီမံကိန်း ဖော်ထုတ်ခြင်းသာမက မြန်မာပြည်သူများနဲ့ ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်များကို တည်ဆောက် ပေးတဲ့ အခမ်းအနား ဖြစ်ပါတယ်။
ယခုနှစ်ဟာ စိန်ခေါ်မှုများနေတဲ့ နှစ်တစ်နှစ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းမှုများနဲ့ အလုပ်အကိုင်ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရပါတယ်။ ဒီလို အခက်အခဲတွေဟာ အထူးသဖြင့် ကာလရှည် ကန့်သတ်ခြင်းများကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့နေ ပြည်သူလူထုများအပေါ် သက်ရောက်မှု ရှိနေတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့အခန်းကဏ္ဍကိုရပ်ပြီး နောက်နှစ်သစ်အတွက် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် KMIC နဲ့ အလားတူစီမံကိန်းတွေဟာ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်တည်တံ့မှုနှင့် အားလုံးပါဝင်တဲ့ ပြန်လည်ကုစားမှုအတွက် အင်အားအဖြစ် ပံ့ပိုးနိုင်မယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။
COVID-19 ကြောင့် အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ခံစားနေရ ပေမယ့် မြန်မာနိုင်ငံကတော့ ဘက်ပေါင်းစုံကနေ ကြိုးစားပြီး ကောင်းမွန်စွာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အခြားဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းဟာ အခြေအနေ ကောင်းတစ်ခုကို ထိန်းသိမ်းနိုင်ဆဲပဲဖြစ်ပါတယ်။ COVID-19 ကြောင့် ထိခိုက်မှု များကို ခံစားရပေမယ့် နောက်နှစ်များမှာ အခြေအနေကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။
အဲဒါနဲ့ဆက်စပ်ပြီး ဆိုးလ်မြို့မှာ မနှစ်ကကျင်းပခဲ့တဲ့ မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်မှာ ကိုရီးယားသမ္မတနိုင်ငံသမ္မတ Mr. Moon Jae-in ပြောကြား ခဲ့တဲ့ စကားအချို့ကို အမှတ်ရမိပါတယ်။ KMIC စီမံကိန်းဟာ ဧရာဝတီမြစ်ဝှမ်းရဲ့ အံ့ဖွယ်ဖန်တီးမှုများအတွက် ထောက်ပံ့ပေးနိုင်မယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်တယ်လို့ သမ္မတကြီးက ပြောကြားခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဒီမျှော်မှန်း ချက်ကို အပြည့်အဝ မျှဝေလိုက်ပါတယ်။
နောက် လက်ရှိအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ချက် များကြောင့် KMIC စီမံကိန်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှာဖြစ်သလို KMIC စီမံကိန်းကဲ့သို့ စီမံကိန်းအသစ်တွေလည်း ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။
ဒီလို ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပဲ ကျွန်မတို့ ရပ်တည်နေထိုင်တဲ့ နေရာမှာ စက်မှုဇုန်အသစ်တစ်ခုကို တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။
KMIC စီမံကိန်းကို အကောင်အထည်ဖော်ပြီးတဲ့အခါ နိုင်ငံတော်က အားပေးဆောင်ရွက်နေတဲ့ အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ ထောက်ပံ့သူများနှင့် စားသောက်ဆိုင်များ အပါအဝင် စက်မှုလုပ်ငန်းပေါင်းများစွာကို တိုးချဲ့ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။
ယခုလို KMIC စက်မှုဇုန်ပေါ်ပေါက်အောင် အားလုံးက ပူးပေါင်းကြိုးစား ဆောင်ရွက်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ယခုအစိုးရ တာဝန်ယူချိန်ကတည်းက နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုစီမံကိန်းများကို ခွင့်ပြုပေးနိုင်ခဲ့တဲ့အတွက် အဆိုပါစီမံကိန်းများကနေ အရည်အသွေးရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းသစ်ပေါင်း သိန်းနဲ့ချီပြီး ဖန်တီးပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီကနေ့အထိ စက်မှုလုပ်ငန်းကဏ္ဍကနေ နိုင်ငံ့စီးပွားရေးမှာ ၃၈ ရာခိုင်နှုန်း အထိ အထောက်အကူပြုနေပြီး သမားရိုးကျစက်ရုံများကနေ ဖန်တီးပေးတဲ့ အလုပ်အကိုင်မျိုးသာမက အမျိုးသမီးများ အလုပ်အကိုင်ရရှိရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ဆင့်ပွားပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အရည်အသွေး ရှိတဲ့ အလုပ်အကိုင်ပေါင်းများစွာ ဖန်တီးပေးနိုင်တဲ့ကဏ္ဍအဖြစ် ကိုယ်စားပြု ရပ်တည်လျက်ရှိပါတယ်။
ဒီလိုတိုးတက်မှုမျိုးဟာ အလွယ်တကူဖြစ်လာတာမျိုး မဟုတ်သလို အဆင်ပြေချောမွေ့စွာနဲ့ ရရှိလာခြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့ ဒီနေရာမှာ၊ မြန်မာနိုင်ငံတစ်ဝန်းမှာ မျက်ဝါးထင်ထင် တွေ့မြင်ရပြီ ဖြစ်ပါတယ်။
KMIC စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ရိုးစင်းတဲ့အယူအဆအဖြစ် အလုပ်အကိုင်နဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်မှုအတွက် လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်ကို ဖန်တီးပေးရမယ်ဆိုတဲ့ အစိုးရရဲ့တာဝန်ရှိမှုဟာ အရေးအကြီးဆုံးပဲ ဆိုတာကို ကျွန်မတို့ တွေ့မြင်သိမြင်နိုင်ပါတယ်။
အစိုးရချည်းပဲ အလုပ်အကိုင်များ ဖန်တီးရေး၊ စဉ်ဆက်မပြတ်တိုးတက် ရေးတို့ ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး။ ဒါ့ကြောင့် အစိုးရအနေနဲ့ MSME များနှင့် အရင်းအနှီးကို ချိတ်ဆက်ပေးပြီး ပြောင်းလဲနေတဲ့ နည်းပညာ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်များကို ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းနဲ့ ၂၁ ရာစု အလုပ်အကိုင်များအတွက် အဆင်သင့် ဖြစ်စေတဲ့ ယခုလို ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံအုတ်မြစ်များ ချပေး နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၊ ၎င်းတို့ရဲ့ မိသားစုများနဲ့ ရပ်ရွာအသိုက်အဝန်းများကို စီးပွားရေးအခွင့်အလမ်း ကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။
နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ဆန်းသစ်တီထွင်မှုနဲ့ ကျွမ်းကျင်မှုတွေကြောင့် ပုဂ္ဂလိကကဏ္ဍရဲ့ စွမ်းရည်က ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ အဲဒီလို ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းက မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP)မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်မတို့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါတယ်။
KMIC နှင့် အလားတူ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ရရှိနိုင်တဲ့ အလုပ်အကိုင်များဟာ ၂၁ ရာစု အလုပ်အကိုင်များသာ ဖြစ်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုများက ကုန်ထုတ်လုပ်မှုနဲ့ စက်မှုလုပ်ငန်းကဏ္ဍကို ပိုမိုတိုးတက် စေပြီး ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များတွင် ပါဝင်လာ စေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့တဲ့ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP)တွင် ပါဝင်ခြင်း ကလည်း အထောက်အကူပြုပါတယ်။ ဒါတင်မက ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ က အရည်အသွေးရှိတဲ့ “Made in Myanmar” အမှတ်တံဆိပ် ပေါ်ပေါက် လာစေရန် အထောက်အကူပြုနိုင်ပါတယ်။
ဒီနေ့အခမ်းအနားက ကျွန်မတို့မျှော်မှန်းချက်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတာကို ပြသနေ တာ ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ အခြေခံအဆောက်အဦများဖြစ်တဲ့ လမ်းသစ်များ၊ တံတားများ၊ ဆိပ်ကမ်းများ၊ စာသင်ကျောင်းများ၊ Smart စက်ရုံများနှင့် အဝေးပြေးလမ်းများအတွက် ဆက်လက်ရင်းနှီးမြှုပ်နှံရပါမယ်။ ဒါ့အပြင် ရေနှင့် စွန့်ပစ်ပစ္စည်းစနစ်များသာမက ပိုမိုအားကောင်းတဲ့၊ ရေရှည်တည်တံ့ ခိုင်မြဲတဲ့၊ အားလုံးပါဝင်တဲ့ အစိမ်းရောင်စီးပွားရေးကို ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဖော်ဆောင်ရာမှာ အဖွဲ့အစည်းဆိုင်ရာ အခြေခံအဆောက်အဦနဲ့ လူသားစွမ်းဆောင်ရည်များတွင် ဆက်လက်ရင်းနှီး မြှုပ်နှံရမှာ ဖြစ်ပါတယ်။
ဘယ်လိုရိုက်ခတ်မှုများမဆို ကျော်လွှားနိုင်မယ့် အသေချာဆုံးနည်းလမ်းက နောက်ကို ပြန်မလှည့်ဘဲ ရှေ့သို့ဆက်လျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ရှေ့ကို ဆက်လက်ချီတက်ခြင်းကို ကျွန်မတို့လုပ်ကြရမှာပါ။
KMIC စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းက ကိုရီးယား-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ခင်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေမယ့် သာဓကတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ အောင်မြင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။