
နေပြည်တော် အောက်တိုဘာ ၂၉
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့ နယ် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၂၁၇/၀)မိုင်ဘေးမှ အနောက်ဘက်နှစ်ဖာလုံခန့်အကွာ ငလိုက်ကြိုးဝိုင်းအကွက် အမှတ်(၇၈) ကျွန်းစိုက်ခင်း အတွင်း ငလိုက်ဆည်ဘေးတွင် ဖွင့်လှစ်ထားသည့် ငလိုက်စခန်းသာဆင်စခန်းသို့ ရုံးပိတ်ရက်၊ ကျောင်း ပိတ်ရက်များတွင် ဆင်ချစ်သူခရီးသွားများ ဝင်ရောက် မှု များပြားလျက်ရှိကြောင်း ငလိုက်ဆင်စခန်းသာ ဆင်စခန်းမှ ဦးညီညီအောင် (လက်ထောက်မန်နေဂျာ)ထံက သိရသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း မှ ဖွင့်လှစ်ထားရှိသည့် ငလိုက် စခန်းသာဆင်စခန်းသည် ၅၇၃ ဧကကျယ်ဝန်းပြီး ဆင်စားကျက် ဧရိယာ ၂၈၈ ဧကအပါအဝင်ဖြစ် ကြောင်းသိရကာ ဆင်ကောင်ရေ ၂၀ ရှိကြောင်း၊ ဆင်စခန်းဝင်ကြေး တစ်ဦးလျှင် ပြည်တွင်း ငွေကျပ် ၂၀၀၀ ၊ ပြည်ပဧည့်သည် ငွေကျပ် ၁၀၀၀၀ ၊ ဆင်စီးခအဖြစ် ခရီးတို ပြည်တွင်းဧည့်သည် ငွေကျပ် ၃၀၀၀ ၊ ပြည်ပဧည့်သည် ငွေကျပ် ၁၀၀၀၀ ၊ ဆင်စီးခခရီးရှည် ပြည်တွင်းဧည့်သည် ငွေကျပ် ၅၀၀၀ ၊ ပြည်ပဧည့်သည် ငွေကျပ် ၃၀၀၀၀ ဖြစ်ကြောင်း၊ ဆင်စခန်း သို့ လာရောက်လည်ပတ်သူများ အနေဖြင့် ဆင်၂၀ စာအတွက် ဆင်စာဘူဖေး တစ်ခါကျွေး ငွေကျပ် ၇၀၀၀၀ လှူဒါန်းကျွေးမွေး နိုင်ကြောင်း သိရသည်။
ငလိုက်စခန်းသာ ဆင်စခန်း တွင် မြန်မာနိုင်ငံတွင် အရှည်ဆုံး တံတားတစ်ခုဖြစ်သည့် ရွက်အုပ် ဖြတ်လျှောက် လမ်းတံတား ၃၂၇ ပေ၊ အကျယ် ခြောက်ပေ၊ တံတားပေါ်မှသည် တောတွင်း ဖြတ်လမ်းတံတား ၄၈၁၇ ပေ၊ အကျယ် ခြောက်ပေ၊ ကြိုးတံတား (စတီးကြိုး-သစ်သားကြမ်းခင်း) ပေ ၁၇၀၊ အကျယ် ခြောက်ပေ တို့အား တစ်ဆက်တစပ်တည်း တည်ဆောက်ထားသည့် တံတား ပေါ်မှ သဘာဝတောတောင်အလှ အပများကို လေ့လာခံစားနိုင် အောင် တည်ဆောက်ထားကြောင်း တံတားအရှည်ပေါင်း ၅၁၄၄ ပေ၊ တစ်မိုင်နီးပါး ရှည်လျားကြောင်း သိရသည်။
တောတွင်း ဖြတ်လျှောက် လမ်းတံတားပေါ်မှ သက်ကြီး ကျွန်းစိုက်ခင်း၊ အပူပိုင်းထင်းရှူး စိုက်ခင်း၊ ပိတောက်စိုက်ခင်းများ နှင့်အတူ အထက်ရွက်ပြတ် ရောနှော တောခြောက်အတွင်း ဒေသမျိုးရင်းသစ်ပင်သစ်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝ အလျောက် ရှင်သန်ပေါက်ရောက် နေမှုများကို တွေ့မြင်နိုင်ကြောင်း ဆင်စခန်း တာဝန်ရှိသူများက ပြောသည်။
ကိုကြေးမုံ