
ရန်ကုန် အောက်တိုဘာ ၂၉
ဒိန်းမတ်-မြန်မာစီမံကိန်းမှ ကမ်းနီးရေပြင်ငါးဖမ်းလုပ်ငန်း စစ်ဆေးရေး အတွက် ရေယာဉ်နှစ်စင်းကို အောက်တိုဘာ ၂၄ ရက်က မြိတ်မြို့ ငါးချဆိပ်ကမ်းတွင် လွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီး ရေပြင်၌ တရားမဝင်ငါးဖမ်းဆီးမှု လျော့နည်းစေရေးအတွက် နိုဝင်ဘာလမှ စတင်၍ အဆိုပါစစ်ဆေးရေး ရေယာဉ်နှစ်စင်းဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ်းနီးရေပြင်တစ်လျှောက်မှ ရေသယံဇာတကို ထုတ်ယူသုံးစွဲရာ၌ ငါးလုပ်ငန်းဦးစီးဌာန၏ ကမ်းနီးငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များ သက်ရောက်မှုရှိစေရေးနှင့် တရားမဝင်ငါးဖမ်းဆီးမှု လျော့နည်းစေခြင်းဖြင့် ငါးသယံဇာတတည်ရှိမှု ပြန်လည်တိုးပွားစေရန် ကမ်းနီးရေပြင်စစ်ဆေးခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ရေကြောင်းရဲတပ်ဖွဲ့ပါမယ်၊ ရေလုပ်သားအစုအဖွဲ့တွေနဲ့ လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး နိုဝင်ဘာလမှာ ကမ်းနီးရေပြင်စစ်ဆေးရေး ကို စတင်ဆောင်ရွက်သွားမှာပါ။ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် စီမံကိန်းရေးဆွဲတင်ပြပြီး ဆောင်ရွက်သွားမှာပါ။ ငါးသယံဇာတရေရှည် တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်အောင် သားပေါက် ထိန်းသိမ်းရေးဟာ အရေးကြီးတာကြောင့် ငါးများကြီးထွားရှင်သန်နိုင်ဖို့ အတွက် သတ်မှတ်ပိုက်တွေနဲ့ ဖမ်းဆီးမှုရှိ/ မရှိကို စစ်ဆေးသွားဖို့ ရှိပါ တယ်။ ရေယာဉ်နှစ်စင်းနဲ့ စစ်ဆေးဆောင်ရွက်မှုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာပါ။ ကမ်းနီးဖြစ်စေ၊ ကမ်းဝေးဖြစ်စေ ရေသယံဇာတတွေကို ဖမ်းဆီးရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးဖို့လိုပါတယ်။ ပင်လယ်ပြင်ရေသယံဇာတ လျော့နည်းလာတဲ့သဘော ရှိတဲ့အတွက် ပြန်လည်ဖွံ့ဖြိုးဖို့ မွေးမြူရေးကဏ္ဍကို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကလည်း ဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် ကမ်းနီး ရေပြင်ငါး/ပုစွန် ထိန်းသိမ်းရေးဟာအရေးပါတဲ့အတွက် စည်းကမ်း လိုက်နာ ဖမ်းဆီးနေကြတဲ့ ဒေသခံရေလုပ်ငန်းတွေရဲ့ လူမှုစီးပွားဘဝကို အထောက်အပံ့ဖြစ်စေဖို့ ငါးသယံဇာတထိန်းသိမ်းရေးကို ရေယာဉ် နှစ်စင်းနဲ့ စစ်ဆေးကြပ်မတ်သွားဖို့ရှိပါတယ်”ဟု တနင်္သာရီတိုင်းဒေသ ကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ညီတိုး က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ပင်လယ်ပြင်တွင် ပင်လယ်ပြင် ငါးမဖမ်းရ သတ်မှတ်ကာလ ဧပြီလမှ ဇွန်လအထိ သုံးလကျော်လွန်ခဲ့ပြီး တားမြစ်ထားသော ကျောက်ပုစွန်၊ ကင်းပုစွန်မဖမ်းဆီးရကာလ လွန်မြောက်ခဲ့၍ ငါး/ပုစွန်ဖမ်း ရေယာဉ်များဖြင့် ကမ်းနီး၊ ကမ်းဝေး ရေပြင်တို့တွင် ဖမ်းဆီးလျက်ရှိရာ သတ်မှတ်ကမ်းနီးရေပြင်ဧရိယာ၌ သတ်မှတ်ထားသော ပိုက်ကွက်ဖြင့် ဖမ်းဆီးမှုရှိ/မရှိကို လည်းကောင်း၊ ကကူရံ၊ ကဏန်းထိန်းသိမ်းရေးဇုန်နှင့် ကော့သောင်းအနီးရှိ ငါးဖမ်း ကွက် ခြောက်ကွက်တို့တွင် တရားမဝင်ဖမ်းဆီးမှု မရှိစေရန်လည်းကောင်း စစ်ဆေးကြပ်မတ်လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းနီးငါးဖမ်းရေယာဉ် ၈၀၀၀ ကျော်နှင့် ကမ်းဝေးငါး ဖမ်းရေယာဉ် ၁၄၀၀ ကျော်ရှိပြီး ပြည်ပပို့ကုန်အဖြစ် ငါး/ပုစွန်များကို ဖမ်းဆီးတင်ပို့လျက်ရှိသည်။ မြိတ်ခရိုင် စခန်းသိမ်း ကျေးရွာသို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးတို့ ရောက်ရှိစဉ် ထိုကျေးရွာ၌ သတ်မှတ် ထားသော ငါးဖမ်းပိုက်ကွက်ဖြင့် ဖမ်းဆီး၍ ရေသယံဇာတကို ထိန်းသိမ်း လျက်ရှိပြီး အခြားသောကျေးရွာများက ကန့်သတ်ထားသော ပိုက်များ ဖြင့် ဖမ်းဆီးလျက်ရှိသည့်အတွက် စောင့်ကြည့်ထိန်းသိမ်းနိုင်ရေး အထောက်အပံ့အဖြစ် ဒိန်းမတ်အစိုးရက ကမ်းနီးစစ်ဆေးရေး ရေယာဉ် နှစ်စင်းကို ငါးလုပ်ငန်းဦးစီးဌာနသို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ညိမ်းသူ( သတင်းစဉ်)၊ဓာတ်ပုံ - ကနူး