ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်တို့ တွေ့ဆုံဆွေးနွေး

 

ရန်ကုန်   အောက်တိုဘာ   ၂၈


အပြည်ပြည်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်တို့၏ တွေ့ဆုံဆွေးနွေး ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန(ရန်ကုန်)ရှိ    အဖွဲ့ရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ဦးစွာ   ပြည်ထောင်စုဝန်ကြီးက   အပြည်ပြည် ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဒေသတွင်းနိုင်ငံများ၊    အာဆီယံနှင့်   ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်    ပူးပေါင်းဆောင်ရွက်လျက် ရှိသော လုပ်ငန်းအခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှု      အကူအညီပေးအပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော     အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး   ဒေသတွင်းနှင့် နိုင်ငံတကာတွင်     ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသော မျက်မှောက်ခေတ်     ကမ္ဘာ့ရေးရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍        ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏     အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့အနေဖြင့် ပညာရှင်များရှုထောင့်မှ အကြံဉာဏ် များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် အကြံပြု တင်ပြသွားနိုင်ရေးနှင့်     သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး မှာကြားသည်။

 


ထို့နောက်  မြန်မာနိုင်ငံ  မဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့၊ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။     


သတင်းစဉ်