
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကိစ္စ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၌ ကျင်းပပြုလုပ် ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စား မပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားခြင်း သည် အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် (၅) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူ တန်းတူကိုယ်စားပြုရေးမူနှင့် သွေဖည်နေသဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းမရှိပါ။ အာဆီယံပဋိညာဉ် စာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီတူကိုယ်စားပြုရေး “မူ” နှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး “မူ” တို့ကို မြန်မာနိုင်ငံအနေနှင့် ခိုင်မာစွာ လိုက်နာလျက်ရှိရာ၊ ယခုကဲ့သို့ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိပါ။
အစည်းအဝေးတွင် မြန်မာနိုင်ငံကပါဝင်ခြင်းမရှိဘဲ အာဆီယံ (၉) နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီ ခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါမူများနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက် ခဲ့ခြင်းမဟုတ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် လိုက်ပါဆောင်ရွက်မည်မဟုတ်ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ယူပြီးနောက်ပိုင်းတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြန်လည် ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အာဆီယံ၏တာဝန်သိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းကို အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ ငြိမ်းချမ်းရေးကို လိုလားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ပွင့်လင်းစွာ ဆွေးနွေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော်လျက်ရှိရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိလျက်ရှိပါသည်။ ထို့ပြင် အာဆီယံတူညီဆန္ဒ (၅) ချက်တွင် ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စ ပထမအဆင့်ကိုလည်း AHA စင်တာကို ပူးပေါင်းပံ့ပိုး လျက်ရှိပြီး၊ အကူအညီလိုအပ်နေသူများထံသို့ ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရေးနှင့် အကူအညီပေးအပ်သည့် စေတနာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။ ဒုတိယအဆင့် အကူအညီများ ပံ့ပိုးနိုင်ရေးအတွက် လိုအပ်ချက်များ ဆန်းစစ်မှုဆောလျင်စွာ ပြီးမြောက်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် အစိုးရ၏ကြိုးပမ်းနေမှုအပေါ် NUG နှင့် PDF အမည်ခံများက အဖျက်အမှောင့် လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ ဖျက်ဆီးလျက်ရှိပါသည်။ ယင်းကဲ့သို့ ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်များ၊ ဖိအားပေးမှုများ မည်သို့ပင်ရှိနေသော်လည်း တာဝန်သိအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ၊ အချိန်ကန့်သတ်ချက် ဖြင့် ဖိအားပေး၊ အကျပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင်၊ ဆိုးကျိုးသက်ရောက်မှု များကိုပင် ဦးတည်သွားစေနိုင်ပါသည်။
အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှု၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးဆိုင်ရာကိစ္စများ အားပြိုင်မှု များ အရှိန်မြှင့်တက်နေသည့် ယခုအချိန်မျိုးတွင် အာဆီယံအနေဖြင့် ခိုင်မာသောအဖွဲ့အစည်းအဖြစ် တည်ရှိရန် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှုတို့ကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ် ပါသည်။ အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ် စာတမ်းတွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များကို တိတိကျကျ လေးစားလိုက်နာရန် လိုအပ်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကိုလေးစား၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရန် အထူးလိုအပ်ပါသည်။ သို့မှသာလျှင် အာဆီယံ၏ စည်းလုံးညီညွတ် မှုနှင့် အချက်အချာကျမှုတို့ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်