မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

 

၁။    မိဘပြည်သူများအနေဖြင့်    နိုင်ငံသား   စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ-၆၆/၆ (အထစ) နှင့်ပတ်သက်၍  အခက်အခဲများ  သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့  သွားရောက် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍  အသိပေးကြေညာခဲ့ပါသည်။ 
၂။    အဆိုပါထုတ်ပြန်ချက်၏  အပိုဒ် (၁) (င) နှင့် (၂) (ဃ) တွင် အောက်ဖော်ပြပါအတိုင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်-
အပိုဒ်(၁)(င)    နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍လက်ဝယ် ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင်ထား ခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများ တွင် အမြန် သွားရောက်အပ်နှံရမည်။ (၁-၁၁-၂၀၂၂)   ရက်နေ့အထိ  ကတ်အပိုများအပ်နှံခြင်း မပြုပါက   နောက်ဆုံးထုတ်ယူသော   နိုင်ငံသား ကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများ အား ပယ်ဖျက်စာရင်းသွင်းပါမည်။
    အပိုဒ်(၂)(ဃ)    ပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့  အမြန်သွားရောက်  သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ် ထားသော်လည်း  ရန်ကုန်တွင် အထစထပ်မံပြုလုပ် ထားရှိခြင်း)၊ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ)  အပိုများ  အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူထားသော ပုံစံ  ၆၆/၆ (အထစ) ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ) များအား ပယ်ဖျက်စာရင်းသွင်းပါမည်။
၃။    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration  Software  နည်းပညာဖြင့်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူ  (၅၂)  သန်းကျော်အား  စာရင်းသွင်းပြီး ဖြစ်သဖြင့်  သတ်မှတ်ကာလအတွင်း  နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေ စာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ် ကာလကျော်လွန်ပါက  ဥပဒေနှင့်အညီ  ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း အသိပေးကြေညာခဲ့ပါသည်။
၄။    အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်  ပတ်သက်၍    ၁-၁၁-၂၀၂၂ ရက်နေ့အထိ   ဆောင်ရွက်နိုင်ကြောင်း   ကြေညာထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေ စာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်း စသည့်ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေ သဖြင့်   ပိုမိုသိရှိ  လာရောက်ဆောင်ရွက်နိုင်ရေးအတွက်   ရက်သတ္တ (၂) ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင် ရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန