
နေပြည်တော် ဒီဇင်ဘာ ၂၃
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးအတွက် ကျောင်းသားသမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။
ပိုမိုမြှင့်တင်ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ အစည်းအဝေးသည် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးတွင် ယဉ်ကျေးမှုများသည် ခေတ်စနစ်အခြေအနေများနှင့်အညီ လိုက်လျောညီထွေစွာ ပြောင်းလဲနေပါကြောင်း၊ လူသား ကောင်းယဉ်ကျေးမှု(Global citizenship culture) သည် အရေးကြီးသလို သင်ယူခြင်းယဉ်ကျေးမှု (Learning cul- ture) သည်လည်း အလွန်အရေးကြီးပါကြောင်း၊ လူတိုင်း အခြေခံ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်မည်ဆိုပါက တစ်သက်တာလုံး သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် နှစ်ပေါင်းများစွာ ပညာရေးအားနည်းခဲ့ပါသဖြင့် အရည် အသွေးရှိသော ပညာရေးကို ဦးတည်၍ မည်သည့်ခွဲခြားမှုမျှ မရှိဘဲ သင်ယူမှုအခွင့်အလမ်းရရှိအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကလေးငယ်များ၊ ကျောင်း သားကျောင်းသူများ၊ တစ်သက်တာသင်ယူသူများ အားလုံး တို့၏ သင်ယူတတ်မြောက်မှု အရည်အသွေးပိုမိုကောင်းမွန် ရေးအတွက် ဆွေးနွေးသည့်ယဉ်ကျေးမှု (Discussion culture)၊ ပူးပေါင်းဆောင်ရွက်သည့် ယဉ်ကျေးမှုများ (Coo- peration and collaboration culture) တို့ကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊၊
ယနေ့အစည်းအဝေးတွင် အရေးကြီးသည့် အမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်းနှင့် စပ်လျဉ်း၍ ကျောင်းသား သမဂ္ဂများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်စားလှယ်များ အားလုံး ပူးပေါင်းဆောင်ရွက်ပေးနေသည်များကို ပညာရေးဝန်ကြီး ဌာနအနေဖြင့် အလွန်ကျေးဇူးတင်ဝမ်းမြောက်မှတ်တမ်း တင်ပါကြောင်း၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD - Organisation for Economic Cooperation and Development) ၏ Future of Education and Skills 2030, OECD Learning Compass 2030 အစီရင်ခံစာ၊ စာမျက်နှာ ၁၂ တွင် ၁၉ ရာစု၊ ၂၀ ရာစုနှင့် ယနေ့ ၂၁ ရာစု မျှော်မှန်းချက်တို့အတွက် လူ့အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများနှင့် ပညာရေးပြုပြင် ပြောင်းလဲ ဆောင်ရွက်မှု အခြေအနေများ ဖော်ပြချက်တို့ကို ကြည့်ပါကလည်း ယခုကဲ့သို့ တွေ့ရှိရမည်ဖြစ်ပါကြောင်း။
၁၉ ရာစုတွင် ကမ္ဘာပေါ်၌ ပြည်တွင်းစစ်၊ လူမျိုးရေး အသားအရောင်ခွဲခြားမှု၊ ကိုလိုနီစနစ်၊ နယ်ချဲ့ဝါဒတို့ အင်အားကောင်းခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် လျှပ်စစ်၊ တယ်လီဖုန်းတို့ တီထွင်ဖန်တီးခြင်း၊ စက်မှုလုပ်ငန်း တွင် ရေနံချက်စက်ရုံ၊ အဝတ်အထည်စက်ရုံ၊ ထုတ်ကုန် များများမှ အမြတ်များများရရန်၊ လူသားများသည်လည်း ဝင်ငွေများလာ၍ လူနေမှုဘဝပုံစံမြှင့်တင်လာနိုင်ခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း လူစုလူဝေးဖြင့် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်ခြင်း၊ ပညာရေးမှာလည်း အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများသာ ဖွင့်လှစ်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း လုပ်သားဈေးကွက် နှင့် အလုပ်ရရှိရေးကိုသာ ဦးတည်သည့် အပြောင်းအလဲမရှိ သော စံသတ်မှတ်ချက်ဖြင့် ဘာသာစကားနှင့် သင်္ချာတို့ကို အဓိကသင်ကြားခြင်းတို့ကို တွေ့ရှိရပါကြောင်း။
၂၀ ရာစုတွင် ကမ္ဘာပေါ်၌ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်များ ဖြစ်ပွားခြင်း၊ နိုင်ငံအများစု လွတ်လပ်ရေး ရရှိခြင်း၊ စစ်အေးကာလ ကျော်ဖြတ်ရခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတွင် အင်တာနက်အသုံးပြုနိုင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ကွန်ပျူတာ၊ အီလက်ထရောနစ်၊ ဘဏ္ဍာရေးတွင် automation techno- logy တို့ကို အသုံးပြုလာခြင်း၊ Corporate social respon- sibility (CSR) ဆောင်ရွက်လာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် လိုအပ်လာခြင်း၊ လူသားများသည်လည်း Globalisation ၊ လူဦးရေတိုးနှုန်း အဆမတန်မြင့်မားလာ ခြင်း၊ သတင်းရရှိနိုင်မှု တိုးတက်များပြားလာခြင်း၊ လုပ်ငန်း အဖွဲ့အစည်းများမှာလည်း တာဝန်ယူတာဝန်ခံ၍ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်လာခြင်း၊ ပညာရေးမှာလည်း အစိုးရ၊ ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်၍ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ သင်ရိုးညွှန်းတမ်းတွင် အပြောင်းအလဲ မရှိသော စံသတ်မှတ်ချက်ဖြစ်သော်လည်း ကာယပညာ၊ အခြားနယ်ပယ်တို့တိုးချဲ့၍ လွတ်လပ်သည့် သင်ယူမှုအခွင့် အလမ်းရှိလာခြင်းတို့ကို တွေ့ရှိရပါကြောင်း။
သင်ယူမှုအခွင့်အလမ်းများဖြည့်ဆည်း
၂၁ ရာစုတွင် နိုင်ငံများအကြား အပြန်အလှန်မှီခိုမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အမျိုးသားရေးဝါဒများ၊ post-truth (fake news)တို့၏ စိန်ခေါ်မှုများရှိလာခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တွင် ဆိုက်ဘာနည်းပညာ, Artificial Intelligence, 3-D printing, Robotics၊ ဆိုရှယ်မီဒီယာ, Internet of things, Big data, Digitalization များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခြင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ် စီးပွားရေး၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်မှု များရှိလာပြီး စားသုံးသူများကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်လာခြင်း၊ တန်ဖိုးထားမှုများ စိတ်ခံစားမှုများ အဓိကကျလာခြင်း၊ CSR မှ Creating Shared Value (CSV) အလေးထားဆောင်ရွက်လာ၍ SDGs က ပို၍အဓိကကျသော အခန်းကဏ္ဍဖြစ်လာခြင်း၊ လူသား များသည်လည်း သဘာဝနှင့် လူသားအတူယှဉ်တွဲ၍ အရေး ပါလာခြင်း၊ Sustainable Development, Green Growth တို့လည်း အရေးပါလာခြင်း၊ သဘာဝသည်လည်း Human capital, Cultural capital နှင့် Social capital တို့ကဲ့သို့ အရေးပါလာခြင်း၊ ရွှေ့ပြောင်းနေထိုင်မှု၊ မြို့ပြ၊ လူ့သက်တမ်း ရှည်ကြာမှုတို့ အရှိန်အဟုန်မြင့်မားလာခြင်း၊ မွေးဖွားနှုန်း လျော့နည်းလာခြင်း၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း အသင်းအဖွဲ့စိတ်ဓာတ် ရှိမှု၊ တစ်သားတည်းရှိမှု၊ လိုက်လျောညီထွေ ပြင်ပြောင်း လွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ စုပေါင်းအင်အား ဖြင့် တာဝန်ယူတာဝန်ခံဆောင်ရွက်ခြင်း၊ ကျောင်းများ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းနှင့် လူမှုအဖွဲ့ အစည်းများလည်း အဆင့်လိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း အပြန်အလှန်မှီခိုမှုအတွက် ပြင်ဆင်မှုအားကောင်းလာခြင်း၊ လူသားကောင်းအတွက် ပညာရေး၊ နက်နက်နဲနဲကျယ်ကျယ်ပြန့်ပြန့် သင်ယူခြင်း၊ နောက်ခံအခြေအနေနှင့် မျှော်မှန်းချက်မတူသူများအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူ၊ တာဝန်ခံ၍ဆုံးဖြတ်ပြီး တစ်သက်တာ ဒစ်ဂျစ်တယ်သင်ယူမှု အခွင့်အလမ်း၊ တစ်သက်တာ ပေါင်းစပ်သင်ယူမှုအခွင့်အလမ်းများ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးရန်တို့ ဖြစ်ပါကြောင်း။
ထို့ကြောင့် New Normal သည် ဂေဟစနစ်၏ အစိတ် အပိုင်းဖြစ်လာသလို သက်ဆိုင်သူများအားလုံး၏ ပူးပေါင်း ပါဝင်သည့် စုပေါင်းအင်အားဖြင့်သာ တာဝန်ယူ တာဝန်ခံ ဆုံးဖြတ်အကောင်အထည်ဖော်ရန်နှင့် ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများကလည်း ဆန္ဒပြင်းပြစွာ တည်တည် ငြိမ်ငြိမ် ကြိုးကြိုးစားစား နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သင်ယူရန် အရေးကြီးပါကြောင်း၊ ကျန်းမာလုံခြုံသောသင်ယူ မှုဝန်းကျင်ကောင်းနှင့် ကျောင်းသားများ၏ အနာဂတ်သုခ ချမ်းသာတို့ကို တန်ဖိုးထားသကဲ့သို့ ၂၁ ရာစု ကျွမ်းကျင်မှု များနှင့် စွမ်းဆောင်ရည်များကိုလည်း တန်ဖိုးထားရန် အရေး ကြီးပါကြောင်း၊ ကျောင်းသားများကလည်း နောက်ခံ အခြေအနေ မတူကွဲပြားခြားနားခြင်းနှင့် ပေါင်းစပ်သင်ယူမှု နယ်ပယ်အခြေအနေများ မတူကွဲပြားခြင်းတို့ကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါကြောင်း၊ ကွဲပြားခြားနားသော ရည်ရွယ်ချက်များအတွက် ပေါင်းစပ်သင်ယူမှုကလည်း တစ်သမတ်တည်း မဟုတ်သကဲ့သို့ မတူညီသော အကဲဖြတ် ခြင်း နည်းလမ်းအမျိုးမျိုးတို့ကို အသုံးပြုရန်လည်း အရေး ပါလာပါကြောင်း၊ ကျောင်းများအားလုံးကိုလည်း အရည် အသွေးအာမခံမှုအတွက် တာဝန်ယူမှုရှိစေရေး၊ လေ့လာ ဆန်းစစ်အကဲဖြတ်ရန်မဟုတ်ဘဲ အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်မှု တွင်လည်း အကြံပြုဝေဖန်ချက်များတို့ကို အားပေးရမည် ဖြစ်ပါကြောင်း။
အသင်းအဖွဲ့စိတ်ဓာတ်ရှိရန် အရေးကြီး
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)အရ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေးဟူသော မူဝါဒများအပေါ် အခြေခံ ကာ ကျောင်းသားများ၊ တစ်သက်တာသင်ယူသူများ အားလုံးတို့ကို ကမ္ဘာ့လူသားကောင်း ဖြစ်လာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူမှုတာဝန်ခံမှု၊ ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှု စသည့် မျှော်မှန်းရလဒ်များ ရရှိစေရန် ဦးတည်အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းကို အားပေးလျက် ဘဏ္ဍာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ သူငယ်တန်း+ ၁၂ တန်း အခြေခံပညာရေး သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်များ ပြုစုပြီး အခမဲ့ဖြန့်ဝေခဲ့ပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (Teacher Compentency Standard Framework – TCSF) အပေါ် အခြေခံ၍ ဆရာ ဆရာမများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းများဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများ အားလုံးတို့ကို သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် ဆောင်ရွက်နိုင်သည့် စွမ်းရည်များ မြှင့်တင်ပေးရန်နှင့် ဆရာ ဆရာမများနှင့် စီမံခန့်ခွဲရေး ဝန်ထမ်းများအားလုံးတို့ကို လည်း ကျွမ်းကျင်မှုဖြည့်ဆည်းခြင်း (Reskilling)၊ ကျွမ်းကျင် မှုမြှင့်တင်ခြင်း (Upskilling)၊ စဉ်ဆက်မပြတ် ပရော်ဖက်ရှင် နယ် ဖွံ့ဖြိုးတိုးတက်မှု(Continuous Professional Develo- pment) အခွင့်အလမ်းများ ရရှိရန်သင်တန်းပေးခြင်း၊ စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ပညာသင်စရိတ် ချီးမြှင့် ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ဒေသများကို ဦးစားပေး၍ နည်းပညာနှင့် အခြေခံအဆောက် အအုံလိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် မည်သည့် ပေးခြင်း/ယူခြင်း လုံးဝခွင့်မပြုပါကြောင်း၊ အုပ်စုဖွဲ့၍ ကြီးနိုင် ငယ်ညှဉ်းဆောင်ရွက်ခြင်းနှင့် ဘက်လိုက်ခြင်းများကို လုံးဝ ခွင့်မပြုပါကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းများအတွင်း အသင်းအဖွဲ့စိတ်ဓာတ်ရှိရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသော ဆန္ဒ၊ ဝီရိယ၊ တည်ငြိမ်မှုနှင့် ပညာဆိုသည်မှာ အင်မတန်အရေးကြီး ပါကြောင်း၊ ရိုးသားမှု၊ ကြိုးစားမှု၊ တည်ငြိမ်မှု၊ တစ်သက်တာ သင်ယူလိုစိတ်ပြင်းပြသော ဆန္ဒရှိမှုတို့မှာ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်မှု အတွက် အခြေခံများဖြစ်ပါကြောင်း။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၊ အလယ် တန်းနှင့် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း ၉ ဒသမ ၇၁၆ သန်းအထိ ရှိလာပါကြောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြီးမြောက်သူ ကျောင်းသား ဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ပထမဆုံးအကြိမ် အထက်တန်းကျောင်းသားဦးရေ စုစုပေါင်း တစ်သန်းကျော် ရှိလာပါကြောင်း၊ သင်ကြား သင်ယူမှုနည်းလမ်းနှင့် စစ်ဆေးအကဲဖြတ်မှုအပိုင်းတို့ တွင်လည်း စဉ်းစားတွေးခေါ်မှု၊ ပြဿနာဖြေရှင်းနိုင်မှုတို့ကို အားပေးသော စစ်ဆေးအကဲဖြတ်ခြင်းများကို စတင် အသုံးပြုလာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် သတ်မှတ်ချက် ခုနစ်ချက်ကို ပြည့်မီသဖြင့် အထက်တန်းသင်ယူပြီးမြောက် သည့် လက်မှတ်ရရှိသူ ဦးရေ ၅၆၆၂၇၄ ဦး ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်လို
အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM)၊ မူလတန်းအဆင့် စာဖတ်စွမ်းရည်နှင့် အရေး စွမ်းရည် အကဲဖြတ်မှု (Early Grade Reading and Writing Assessment – EGRWA)၊ မူလတန်းအဆင့် သင်္ချာစွမ်းရည် အကဲဖြတ်မှု (Early Grade Mathematics Assessment- EGMA) အစီရင်ခံစာများအရ မြန်မာနိုင်ငံ မူလတန်း ကလေးငယ်များသည် စာဖတ်ခြင်း၊ ရေးသားခြင်းနှင့် သင်္ချာ စွမ်းရည်များ အားကောင်းသည်ဟု တွေ့ရှိရပါကြောင်း၊ သို့သော်လည်း ကျောင်းသားလူငယ်များ ကမ္ဘာ့လူသား ကောင်းဖြစ်မှု (Global Citizenship)၊ ကောင်းမွန်သော သဘောထားအမြင် (Positive Attitudes) နှင့် တန်ဖိုး ထားမှုများ (Values) အားကောင်းရန် လိုအပ်နေပါကြောင်း၊ မိဘများက ကျောင်းသားကျောင်းသူများ၏ သင်ယူ တတ်မြောက်မှု အရည်အသွေးကောင်းမွန်လာစေရေး မိဘ ဆရာ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေပါ ကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ (International Mathematical Olympiad) တွင် အထက်တန်းကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် Honorary Mention ခြောက်ခုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါ ကြောင်း။
အဆင့်ဆင့်တက်ရောက်နိုင်မည်
အမျိုးသားပညာအရည်အချင်းမူဘောင် (National Qualification Framework - NQF) သတ်မှတ်ချက်အရ အခြေခံပညာအထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများအနေဖြင့် Level 4 အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် Level 5 အသက်မွေးဝမ်း ကျောင်း Diploma နှင့် Advanced Diploma သင်တန်းများ အပြင် Open University တို့ကို အဆင့်ဆင့်တက်ရောက် နိုင်မည် ဖြစ်သည့်အတွက် တစ်သက်တာသင်ယူမှု (Life-long Learning) အခွင့်အလမ်းများကို အထောက်အကူပြု မည် ဖြစ်ပါကြောင်း။
အရည်အသွေးရှိသော ပညာရေးအတွက် ဆရာများ၊ ဝန်ထမ်းများအားလုံးတို့၏ အင်္ဂလိပ်စာစွမ်းရည်၊ အိုင်စီတီ နည်းပညာစွမ်းရည်များသည် အခြေခံကျ၍ အရေးပါသလို ပညာရပ်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရန်နှင့် စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို ကိုယ်ချင်းစာစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုတို့ မြှင့်တင်ရန်ကလည်း အရေးကြီးပါကြောင်း၊ တိုင်းရင်းသား ဒေသများ၏လိုအပ်ချက်များကိုဦးစားပေး၍ ထောက်ပံ့သွား ရန်လည်း လိုအပ်သကဲ့သို့ အခြားဒေသများ၏ လိုအပ်ချက် နှင့် ဦးစားပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ပွင့်လင်းမြင်သာအကျိုးရှိရေးဖြည့်ဆည်းပေးရန် လိုအပ် ပါကြောင်း၊ လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့် ဘဏ္ဍာရေးဆိုင်ရာနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာဥပဒေ နှင့်စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေ အကျိုးရှိထိရောက်စွာ ထောက်ပံ့သွားရန် အရေးကြီးပါကြောင်း၊
အမျိုးသားပညာအရည်အချင်း အညွှန်းဘောင် (National Qualification Framework - NQF)၊ ခရက်ဒစ်လွှဲပြောင်း မှုစနစ် (Credit Transfer System - CTS)၊ အရည်အသွေး အာမခံမှု (Quality Assurance - QA)၊ အရည်အသွေး အသိအမှတ်ပြုမှု (Accreditation) တို့ကို မူဝါဒလုပ်ငန်းစဉ် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ဆောင်ရွက် သွားကြရန်လည်း အရေးကြီးပါကြောင်း၊ ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် တိုင်းရင်းသားဒေသများကို ဦးစား ပေး၍ တစ်သက်တာ ပေါင်းစပ်သင်ယူမှု (Lifelong Blen- ded Learning) အခွင့်အလမ်းများ ဖြည့်ဆည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ်ထုတ်ခြင်း တို့အတွက် ဒစ်ဂျစ်တယ်/ အွန်လိုင်းစနစ်နှင့် ဒစ်ဂျစ်တယ် ဘဏ်စနစ်တို့ကို စနစ်တကျအားပေးဖြည့်ဆည်းရန် လိုအပ် ပါကြောင်း။
နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် ကာလတို သင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ တွင် မဟာစီမံကိန်း (Master Plan)နှင့် တက္ကသိုလ်ပဋိညာဉ် စာတမ်း (University Charter) နှင့်အညီ တက္ကသိုလ်များ လွတ်လပ်စွာစီမံခန့်ခွဲမှု (University Autonomy) ကို အားပေးရမည်ဖြစ်သကဲ့သို့ တက္ကသိုလ်ကောင်စီ (Uni- versity Council)၊ တက္ကသိုလ်ပညာရေးအဖွဲ့ (Senate)၊ တက္ကသိုလ်စီမံခန့်ခွဲမှုအဖွဲ့ (Administrative Board) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သုတေသန (Research)၊ သင်ရိုး ညွှန်းတမ်း (Curriculum)၊ သင်ကြားသင်ယူမှု (Teaching-Learning)၊ သီအိုရီ (Theory)၊ လက်တွေ့ (Practical) တို့ကိုပေါင်းစပ်ကာ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာလုပ်ကိုင် နိုင်စွမ်းရှိလာစေရန် ဆောင်ရွက်ပေးနိုင်မှသာ အလုပ်အကိုင် ရရှိရေး (Employability) ကို ဦးတည်ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ မူဝါဒလမ်းညွှန် စံသတ်မှတ်ချက်များနှင့် အညီ ဒေသလိုအပ်ချက်နှင့် ပြည်ထောင်စု၏လူမှုစီးပွား ဖွံ့ဖြိုးရေး၊ လုပ်သားဈေးကွက်လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်မည့် ဒီပလိုမာသင်တန်းများ၊ ရိုးရိုးဘွဲ့သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြုသင်ယူမှု (High-Tech Learning) နှင့် စာသင်ခန်းတွင်း လက်တွေ့သင်ယူမှု (High-Touch Learning) တို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှု (Blended Learning) တို့ကို လက်တွေ့ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဝန်ထမ်း၊ ကျောင်းသားများနှင့်ပူးပေါင်း၍ တက္ကသိုလ် ဖွံ့ဖြိုးရေးနှင့် အရည်အသွေးမြင့်မားရေး အားပေး ဆောင်ရွက်ခြင်း၊ ကျောင်းသားဟောင်းများ၊ ကုန်သည်များ၊ စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာဗဟုသုတ (Kno- wledge)၊ ကျွမ်းကျင်မှု (Skills)၊ သဘောထားအမြင် (Attitudes)၊ တန်ဖိုးထားမှု(Values)တို့ကဲ့သို့သော ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်သွားရန် အတွက် အားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များ (Sustainable Development Goals – SDG) ၏ အညွှန်းကိန်းများ ပြည့်မီရန်လည်း အခြေခံပညာအထက်တန်းအဆင့်ကို လူတိုင်းသင်ယူ ပြီးမြောက်ရေးကို ဦးတည်ပူးပေါင်းကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာပေါင်းစပ်သင်ယူမှု အခွင့်အလမ်းရရှိရေး အတွက် စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ် အကောင် အထည်ဖော်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်