
နေပြည်တော် အောက်တိုဘာ ၂၆
(၄၄)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များအဆင့် အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲ တွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ကြသည်။ (အပေါ်ယာပုံ)
(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့်အစည်း အဝေး၌ အာဆီယံထိပ်သီးအစည်းအဝေးများမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များ၊ အာဆီယံ ဒေသတွင်း၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍနှင့်စပ်လျဉ်းသည့် မူဝါဒဆိုင်ရာမူဘောင်များ အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေ အနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး (၄၄) ကြိမ် မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ အစီရင်ခံစာတွင် ပါရှိသော အာဆီယံလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် စားနပ်ရိက္ခာကဏ္ဍ၊ သီးနှံကဏ္ဍ၊ ငါး ကဏ္ဍ၊ သစ်တောကဏ္ဍ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ကဏ္ဍနှင့် ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဓိကလုပ်ငန်းစဉ်များကို ဆွေးနွေး အတည်ပြုကြသည်။
(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့်အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည်နှင့်အညီ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ၂၃ ဒသမ ၇ ရာခိုင်နှုန်း၊ ပြည်ပပို့ကုန်မှရရှိငွေ ၃၅ ရာခိုင်နှုန်းနှင့် ကျေးလက် ဒေသရှိ လူဦးရေ ၇၀ရာခိုင်နှုန်းတို့သည် လယ်ယာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်းမရှိဘဲ ဆန်တန်ချိန် ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၇ သန်း ၊ ပြောင်းတန်ချိန် ၂ ဒသမ၆ သန်း ၊ နှမ်းတန်ချိန် ၀ ဒသမ ၃ သန်းနှင့် ရေထွက်ပစ္စည်း တန်ချိန် ၀ ဒသမ ၆ သန်းတို့ကို တင်ပို့နိုင်ခဲ့ကြောင်း၊ ထိုသို့ စားနပ်ရိက္ခာဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်း စားနပ်ရိက္ခာ နှင့် အာဟာရဓာတ်ဖူလုံရေးကို ဝိုင်းဝန်း ဖြည့်ဆည်းပေး နိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်နိုင်မှုသည် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခု၏ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ (၂၂) ကြိမ်မြောက် အာဆီယံအပေါင်း သုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး များအဆင့် အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ အာဆီယံအပေါင်းသုံး ထိပ်သီးအစည်း အဝေးမှ ချမှတ်ခဲ့သော လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများ အကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေ၊ အာဆီယံအပေါင်းသုံး ဆန် အရန်ရိက္ခာထားရှိရေး သဘောတူညီချက်နှင့် အာဆီ ယံ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက် အလက်စနစ်တို့၏ အကောင်အထည်ဖော်ဆောင်ရွက် မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအစဉ်များကို ချမှတ်ပေးခဲ့ကြပြီး အစည်း အဝေးဆိုင်ရာ ပူးတွဲကြေညာချက်တို့ကို သဘောတူ ခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့က အာဆီယံနိုင်ငံများရှိ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် နည်းပညာများ ကူညီပံ့ပိုးပေး လျက်ရှိသည့် အပေါင်းသုံးနိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အာဆီယံအပေါင်းသုံး ဆန်အရန်ရိက္ခာထားရှိရေး သဘောတူညီချက်၏ Tier 3 ၂၀၂၂ ခုနှစ် အစီအစဉ် အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန် တန်ချိန် ၆၀၀ အား မြန်မာနိုင်ငံတွင် သိုလှောင်ရန် ကမ်းလှမ်းလာမှုအပေါ် ကြိုဆိုပါကြောင်းနှင့် ထိုသို့ ကမ်းလှမ်းလာမှုအတွက် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
(၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ညနေ ၄ နာရီတွင် ကျင်းပရာ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်း အဝေးနှင့် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသော လယ်ယာ ကဏ္ဍဆိုင်ရာအချက်များနှင့် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေအနေတို့ကိုအခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အစည်းအဝေး တက်ရောက်လာကြသော ဝန်ကြီးများက အကြံပြု ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရေရှည်တည်တံ့ပြီး သဘာဝနှင့် လိုက်လျော ညီထွေရှိရုံသာမက ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်သာ စိုက်ပျိုးရေးဖြစ်ထွန်းလာစေရေးနှင့် မြေဆီလွှာ ရေရှည်တည်တံ့စေရေးအတွက် စီမံခန့်ခွဲရေးလုပ်ငန်း များအား အဆင့်မြင့်အရာရှိကြီးများနှင့် လုပ်ငန်း အဖွဲ့အနေဖြင့် ပိုမိုအားထုတ်ကြိုးပမ်းရန် တိုက်တွန်း လိုပါကြောင်း၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ပူးပေါင်းဆောင် ရွက်မှုသည် ပိုမိုထိရောက်ပြီး အကျိုးရှိမည်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် (၇) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက် ကို အတည်ပြုခဲ့ကြကာ အစည်းအဝေးကို အောင်မြင် စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်