နေပြည်တော် ဖေဖော်ဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ မွန်းလွဲ ၂ နာရီ တွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အတွင်း နိုင်ငံတကာ အဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများ နှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ တာဝန်ရှိသူများ၊ Southland Myanmar Rubber Co.,Ltd တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ရုံး၏ အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံအား သဘာဝ ပတ်ဝန်းကျင်မထိခိုက်စေရေး စီမံ ဆောင်ရွက်မည့် အစီအမံများနှင့် ထုတ်လုပ်မည့် အစီအစဉ်များ၊ ရရှိ မည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စျေးကွက်အခြေအနေများကို ကုမ္ပဏီ မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနှင့် စက်ရုံ အကြားစျေးကွက် အာမခံရရှိရေး အတွက် စီမံဆောင်ရွက်သင့်သည်များ၊ သဘာဝပတ်ဝန်းကျင် မထိခိုက် စေရေးအတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာ့ ရော်ဘာအဆင့်အတန်း ပြည့်မီစွာဖြင့် ပြည်ပစျေးကွက်တွင် စျေးကောင်းရရှိ ရေး ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီရော်ဘာကုန်ချော Technical Specified Rubber (TSR) ကို စတင် ထုတ်လုပ်သွားမည်ဖြစ်ပြီး Ribbed Smoked Sheet (RSS) ကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာစိုက်ပျိုးသူ ၈၅ ရာခိုင် နှုန်း နှင့် လူဦးရေ ၁၀၀၀ ခန့်အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိ စေမည့် စီမံကိန်းကို ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိကြောင်း မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများ အသင်း(MRPPA) မှ သိရသည်။ 
သတင်းစဉ်
      


